မိသားစု ဘဝ ရပ်တည်မှု အခြေအနေကို ပြောပြလာပါတယ်။

သရုပ်ဆောင် ညီနန္ဒကတော့ အိမ်ငှားဘဝနဲ့ နေထိုင်နေရတဲ့ သူ့ မိသားစုလေးကို ကိုယ်ပိုင်အိမ်နဲ့ ထားနိုင်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Nyi Nanda



ညီနန္ဒဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူ့ရဲ့ “ကို နန္ဒ” ထောပတ်ထမင်းကတော့ ရောင်းအား ကောင်းနေတာကို တွေ့ရပါတယ်။ သူဟာ ကိုယ်ပိုင် စီးပွားရေးကို အားတက်သရော လုပ်ကိုင်ရင်း ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်နိုင်အောင် ကြိုးစားသွားမယ်လို့ Duwun ကို ပြောပါတယ်။ 

“ Covid စဖြစ်ကတည်းက အစ်ကိုတို့ လက်ထဲမှာ ရှိတဲ့ ငွေလေးနဲ့ အလွန်ဆုံး တောင့်ခံနိုင်ရင် (၂) လပေါ့။ အိမ်က ငှားနေတာလေ။ အခုက အိမ်ဖိုးလေး ပေးနိုင်လို့ တော်သေးတယ်။ နဂိုကတည်းက အစ်ကို့မှာ စုထား ဆောင်းထားတာက အများကြီးရှိတာမဟုတ်ဘူး။ ဇာတ်ကားရိုက်လို့ရတဲ့ ပိုက်ဆံလေးနဲ့ တစ်လ တန်သည်၊ နှစ်လ တန်သည် စားသောက်တယ်။ မရှိတော့ရင် ကားရိုက်မျှော်တယ်။ ဒါကြောင့်လည်း စီးပွားရေး တစ်ခုကို အစကတည်းက သေချာ လုပ်ချင်ခဲ့တာပါ။ Covid ပြီးသွားရင်တော့ နောက် (၂) နှစ်လောက်ဆို အိမ်ပိုင်လေးနဲ့ ဖြစ်သွားမလား မသိဘူး။ မျှော်လင့်တာပေါ့လေ။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တော့ ထားရတာပေါ့။ ကံကိုပဲ ပုံချလို့ မရဘူး ကိုယ်တိုင်လည်း ကြိုးစားရမှာလေ အစ်ကို ကိုယ်တိုင်လည်း ဖြစ်လာအောင် ကြိုးစားမှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒတို့ ဇနီးမောင်နှံဟာ ချမ်းသာတဲ့ မိသားစုဝင်တွေက ပေါက်ဖွားလာကြသူတွေ မဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိ ကိုယ်ပိုင်မိသားစုဘဝ ရပ်တည်မှုကလည်း လူလတ်တန်းစား အနေအထားမျိုး ဖြစ်တာကြောင့် သူ့ရဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာဖို့ ကြိုးစားနေတယ်လို့လည်း ညီနန္ဒက ဆိုပါတယ်။ 

“ အစ်ကို တို့ အခြေအနေကတော့ လူလတ်တန်းစား အခြေအနေမျိုးပဲ ရှိတာပါ။ ဒါပေမယ့် အစ်ကို့ဘက်က ကြိုးစားမှုသည် ၁၀၀ ရာခိုင်နှုန်း ပြည့်နေရမယ်။ နေ့တိုင်း၊ အချိန်တိုင်း အစ်ကို ကြိုးစားရမယ်။ ထောပတ် ထမင်း နားတဲ့ရက်မှာ စာရင်းတွေ လုပ်တယ်၊ အလှူရှင်တွေကို ဘာတွေ လှူတယ်ဆိုတာ ပြောရတယ်။ ဘုရား၊ တရား ဆိုလည်း မနက် (၄) နာရီကတည်းက နေ့စဉ် ထပြီးတော့ အမြဲ မပြတ်လုပ်တယ်။ ဒီကြိုးစားမှုတွေက အစ်ကို့ရဲ့ ကြိုးစားမှု ဖြစ်တဲ့အတွက် အများကြီး မမျှော်လင့်ထားပါဘူး။ အတိုင်းအတာ တစ်ခုအထိကတော့ ရောက်သွားမယ်ထင်တယ်။ ဆိုးဆိုးရွားရွားတော့ ဖြစ်မယ်လို့ အစ်ကို မထင်ဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ သိရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ စီးပွားရေးလုပ်ငန်းကို ဦးစားပေးခဲ့ချိန်မှာတော့ အနုပညာလောကနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး " နေရယ် လရယ် အမှန်တရားရယ်" ဇာတ်လမ်းတွဲနဲ့ ပရိသတ် အရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပြန်လည် ရိုက်ကူးနေရပြီဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က