အခြေခံစားသောက်ကုန်လေးမျိုးကို ပြင်ပပေါက်ဈေးထက် လျှော့ပြီး ရောင်းနေတာဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ရဲ့ ကမာရွတ်မြို့နယ်ကော်မတီက အခြေခံစားသောက်ကုန်လေးမျိုးကို ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးနေတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဌ ၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်မောင်ထွန်းက Duwun ကို ပြောပါတယ်။

ဒီလိုရောင်းချတဲ့နေရာမှာ ပြင်ပပေါက်ဈေးထက် လျှော့ချပြီးရောင်းရတာဖြစ်လို့ အရင်းလိုငွေကို မဲဆွယ်စရိတ်ထဲကနေ လှူဒါန်းကြပေမယ့် ဈေးရောင်းရင်း မဲဆွယ်ခဲ့တာမျိုးတော့ လုံးဝမရှိဘူးလို့ PPPပါတီ ဒုဥက္ကဌက ပြောပါတယ်။



"တစ်ရက်တစ်ရက်ထွက်ရင်တော့ ကျွန်တော်တို့က အရင်းတော့ အကုန်ပြန်မရဘူးပေါ့ဗျာ။ဒါကြောင့် များများရောင်းလေ များများကုသိုလ်ရလေလို့ပဲ စိတ်ထဲထားပါတယ်။ နောက်နေ့အတွက်လိုတဲ့ငွေကို ထပ်စိုက်ရတာပေါ့ဗျာ။ ကားတွေ လူတွေကတော့ ကိုယ့်လူတွေပဲပေါ့။ အများစုက သဘောကျကြပါတယ်။ မဲဆွယ်တာထက် အခက်အခဲကူညီတဲ့သဘောမျိုးလုပ်တာဖြစ်လို့ ပါတီနဲ့ပတ်သက်လို့ ဘာမှမပြောပါဘူးခင်ဗျ ။ ကျွန်တော်တို့ကို မဲထည့်ပါလည်းမပြောပါဘူး။အရှုံးခံရောင်းပါတယ်လည်း မပြောဘူး ။ သူတို့ဘာသာ စိတ်ကြိုက်ထည့် ။ NLD အလံ ဆိုက်ကားနဲ့ စက်ဘီးနဲ့ အင်္ကျီနဲ့ လာဝယ်တဲ့သူတွေလည်း ရှိပါတယ်။ကောင်းကောင်းမွန်မွန်ပဲ ရောင်းပါတယ်။မဲဆွယ်စည်းရုံးရေးကာလကလည်း လုပ်လို့မရဘူး။ ဒီအချိန်မှာ မဲဆွယ်စည်းရုံးရေးလုပ်ရင် ကုန်ကျစရိတ်ရှိနိုင်တယ်။ အဲဒါတွေက ဒီနေရာမှာ မဲဆွယ်စည်းရုံးရေး ကုန်ကျမယ့်အစားပေါ့ သူတို့သက်သာအောင်လုပ်ပေးမယ်ဆိုတဲ့ သဘောနဲ့လုပ်တာပါ" လို့ PPPပါတီ ဒုဥက္ကဌ ၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်မောင်ထွန်းက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ-PPPပါတီ ကမာရွတ် (ကမာရွတ်မြို့နယ်အတွင်း သက်သာတဲ့ဈေးနှုန်းနဲ့ အခြေခံစားသောက်ကုန်လိုက်လံရောင်းချနေစဉ်)

PPP ပါတီက ဆန် ၊ ဆီ ၊ ကြက်ဥ ၊ ငါးသေတ္တာတို့ကို ပြင်ပပေါက်ဈေးထက်လျှော့ရောင်းပေးနေတာဖြစ်ပြီး ကမာရွတ်မြို့နယ်က (၁) ၊ (၂) ၊ (၄) နဲ့ (၅) ရပ်ကွက် လေးခုမှာ ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုရောင်းချတဲ့အခါမှာ မူလကတော့ ဝယ်ယူလိုတဲ့ပမာဏအတိုင်းရောင်းပေးခဲ့ပေမယ့် ဒီနေ့ကစတင်ပြီး အိမ်ထောင်စုတစ်ခု ၊ လူတစ်ယောက်ကို ရောင်းပေးနိုင်တဲ့ ပမာဏသတ်မှတ်ပြီး ပြောင်းလဲရောင်းချခဲ့တာ ဖြစ်ပါတယ်။

" အဲဒီတော့ သူတို့လတ်တလောစားလို့ရတဲ့ ဆန် ၊ ဆီ ၊ ကြက်ဥ ၊ ငါးသေတ္တာပေါ့နော် အဲဒါတွေကို ပြင်ပပေါက်ဈေးထက်လျှော့ပြီး လိုက်ရောင်းပေးတာဖြစ်ပါတယ်။အစကတော့ သူတို့လိုချင်သလောက်အရေအတွက်ရောင်းပေးပေမယ့် အဲဒီလိုကျ ပစ္စည်းက အိမ်ထောင်စု(၅၀၀)ဆို အရေအတွက်(၅၀၀)ဆီ မှန်းဝယ်ထားပြီးရောင်းတော့ ရပ်ကွက်က လမ်းတွေ မနှံ့ဘူးဖြစ်တယ်။ ဒီနေ့ရောင်းတော့ Limit လုပ်လိုက်တယ်။တစ်အိမ်ထောင်ကို တစ်ဦးတစ်ယောက်လာဝယ်ရင် ဆီ(၂)ဘူး ၊ ဆန်(၂)ပြည် ၊ ကြက်ဥ(၅)လုံး ၊ ငါးသေတ္တာ (၅)ဘူးအထိ သတ်မှတ်ပြီးရောင်းတော့ ဒီနေ့ ကမာရွတ်မြို့နယ်ထဲက ရပ်ကွက် (၄) နဲ့ (၅)ကို ရောင်းနိုင်ခဲ့ပါတယ် ။ ကျန်နေတဲ့ရပ်ကွက်တွေလည်း ရောင်းမှာပါ ။ ပစ္စည်းတွေ ဝယ်စုတာနဲ့ ထုပ်ပိုးတာနဲ့မို့ ဒီတစ်ပတ်သောကြာနေ့လောက် ဖြစ်မယ်လို့ မှန်းထားပါတယ်" လို့ ဦးမြင့်မောင်ထွန်းက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ဆန်တစ်ပြည်လျှင် (၈၀၀)ကျပ် ၊ ဆီ၅၀သားတစ်ဘူးလျှင် (၁၀၀၀)ကျပ် ၊ ငါးသေတ္တာတစ်ဘူး (၃၀၀)ကျပ် ၊ ကြက်ဥတစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းနဲ့ ရောင်းချနေတာဖြစ်ပြီး အောက်တိုဘာလ (၃)ရက်နေ့က တစ်ကြိမ် ၊ ဒီနေ့ အောက်တိုဘာလ (၅)ရက်နေ့မှာ တစ်ကြိမ်ရောင်းချခဲ့တာ ဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က