ကူးစက်မှုအသစ်တွေအနက် အများစုဟာ ပြည်တွင်းကူးစက်မှုများ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၅ ရက်) ထုတ်ပြန်မှုအရ အတည်ပြုလူနာ ၄၃၂ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နေ့အလိုက်ကူးစက်မှု စံချိန်သစ်ထပ်တင်ခဲ့ပြန်ပါတယ်။

(Photo: Lim Huey Teng/Reuters)



ယနေ့ ထပ်တိုးလာတဲ့ ကူးစက်မှုအသစ်တွေအနက် အများစုဟာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး သုံးဦးက ပြည်ပကူးစက်မှုဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက Facebook မှာ ပြောထားပါတယ်။ မလေးရှားမှာ လတ်တလော ရက်ပိုင်းအတွင်း နေ့အလိုက် ကူးစက်မှုအသစ် တွေ့ရှိရမှုများ ဆက်တိုက် စံချိန်တင်နေခဲ့ပြီး ကူးစက်မှုတွေဟာ နိုင်ငံအရှေ့ပိုင်း ဆာဘားပြည်နယ်မှာ ကျင်းပပြလုပ်တဲ့ ရွေးကောက်ပွဲနဲ့လည်း တစ်စိတ်တစ်ပိုင်း ဆက်စပ်နေခဲ့ပါတယ်။

ထိုအတောအတွင်း မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာစင်ဟာ ၎င်းဦးဆောင်ပြုလုပ်ခဲ့တဲ့ အစည်းအ‌ဝေးတစ်ခုကို တက်ရောက်ခဲ့သူ ဝန်ကြီးတစ်ဦးထံမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိရပြီးနောက် နေအိမ်မှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ် နေထိုင်သွားမယ် (ကွာရန်တင်းဝင်) လို့ ယနေ့ ပြောပါတယ်။

(Photo: Bernama)

ထိုအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးမှ ဝန်ကြီး Zulkifli Mohamad Al-Bakri ဟာ COVID-19 ကူးစက်ခံထားရပြီး eremban ရှိ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေကြောင်း သိရပါတယ်။ ၎င်းနဲ့ ဝန်ကြီးချုပ်ယာစင်တို့ဟာ စနေနေ့ (အောက်တိုဘာ ၃ ရက်) မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ အထူးအစည်းအ‌ဝေးမှာ တွေ့ဆုံထားခဲ့ကြပါတယ်။

ယနေ့ ထုတ်ပြန်မှုအရ မလေးရှားမှာ COVID-19 ကူးစက်ခံရသူ ၁၂,၈၁၃ ဦး၊ သေဆုံးသူ ၁၃၇ ဦးနဲ့ ပြန်လည်သက်သာသူ ၁၀,၃၄၀ ဦးရှိပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ လူနာ ၃၂ ဦးကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေပြီး ၎င်းတို့အနက် ၈ ဦးဟာ အသက်ရှူအကူစက် တပ်ထားရကြောင်း CNA သတင်းက ပြောပါပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က