အနည်းဆုံး ရက်ပေါင်း(၉၀)ထက်မနည်း မိမိရဲ့အမြဲတမ်းနေရပ်မဲဆန္ဒနယ်ပြင်ပကို ရောက်ရှိနေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ နေရပ်ကို မပြန်ဘဲ ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေကို မဲပေးမယ်ဆိုရင် ပုံစံ(၃-က)နဲ့ အချိန်မီလျှောက်ထားနိုင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ထပ်မံကြေညာလိုက်ပါတယ်။
ပုံစံ(၃-က)နဲ့လျှောက်ထားမယ်ဆိုရင်တော့ မိမိရောက်ရှိနေတဲ့ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ စက်တင်ဘာလ ၁၇ရက်ကနေ အောက်တိုဘာလ ၁၀ရက်နေ့အထိ လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ လက်ရှိ Stay at Home ကာလမှာ ကိုယ်နေထိုင်ရာနေရပ်တွေကို ပြန်ပြီးမဲပေးဖို့အတွက် အခက်တွေ့နိုင်လို့ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် လက်ရှိနေထိုင်ရာနေရာတွေမှာမဲပေးခွင့်ရအောင် စီစဉ်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်းယနေ့ည(၈)နာရီမှာ MRTV ကတဆင့်ပြောကြားခဲ့တဲ့ မိန့်ခွန်းအစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"Stay at Home အိမ်ထဲမှာပဲနေရမယ်ဆိုပြီးထုတ်ပြန်ထားတဲ့အမိန့်တွေရှိပါတယ်။ အဲ့ဒီမြို့နယ်တွေကဆိုရင် တချို့တွေက အစတုန်းကတော့ကိုယ့်ရဲ့မူလမြို့နယ်ပေါ့နော် မိသားစုရှိရာမြို့နယ်ကိုပြန်ပြီးမဲပေးမယ်လို့ စီစဉ်ထားတဲ့သူတွေအနေနဲ့အခုအချိန်မှာ အဲ့လိုလုပ်ဖို့ မလွယ်တော့ဘူးဆိုတာကို မြင်လာကြပါတယ်။ ကိုယ့်ရောက်ရာနေရာမှာမဲပေးနိုင်ဖို့အတွက် အောက်တိုဘာလ၁၀ရက်နေ့မတိုင်မီမှာ ပုံစံ(၃)နဲ့လျှောက်လို့ရပါတယ်။ ဒါကြောင့် နိုင်ငံသားတွေအနေနဲ့ ကိုယ့်အခွင့်အရေးကိုယ်မဆုံးရှုံးအောင် မဲပေးကြပါလို့တိုက်တွန်းလိုပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
သတ်မှတ် နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာလ ၁၀ရက်နေ့အတွင်း အမြဲတမ်းနေရပ်မဲဆန္ဒနယ်ပြင်ပရောက်ရှိတဲ့သူတွေ မိမိလက်ရှိနေထိုင်ရာအရပ်မှာ မဲပေးနိုင်ဖို့ အချိန်မီလျှောက်ထားရန် ဒီနေ့ အောက်တိုဘာလ ၅ရက် ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံအသိပေးကြေညာထားတာ ဖြစ်ပါတယ်။