အောက်တိုဘာလ ၈ရက်ကနေ ၂၁ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကုန်ကြမ်းယူ ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း(CMP)စက်ရုံ ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်မယ့်သူတွေကို အောက်တိုဘာလ ၂၁ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာလ ၅ ရက် ညမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ ပိုမိုတွေ့ရှိရပြီး ရောဂါကူးစက်ခံထားရသူတွေက မည်သည့်ရောဂါလက္ခဏာမှ မပြသတာကြောင့် ပုံမှန်အတိုင်းသွားလာလှုပ်ရှားလုပ်ကိုင်နေရင် ရောဂါပိုးဖြစ်ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်တဲ့အတွက် အောက်တိုဘာလ ၈ရက်ကနေ ၂၁ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်ပြုမှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။



မိမိအိမ်တွင်သာနေထိုင်ရေး (Stay At Home) စည်းကမ်းချက်ကို စက်တင်ဘာလ ၂၀ရက် ထုတ်ပြန်စဉ်က ကုန်ကြမ်းယူ ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း(CMP)စက်ရုံ ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်မယ့်သူတွေကို စက်တင်ဘာလ ၂၄ရက်ကနေ အောက်တိုဘာလ ၇ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ကြေညာခဲ့ပြီး ယခု နှစ်ပတ်ထပ်မံထိုးမြှင့်လိုက်တာ ဖြစ်ကာ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမပါ) နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ နေအိမ်တွင်နေထိုင်ရေးအစီအစဉ်မှာ အကျုံးဝင်ကြောင်းကို ၂၀၂၀ ၊ စက်တင်ဘာလ ၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀နဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က