ကြိုတင်မဲပေးခဲ့တဲ့ ပြည်ပရောက် မြန်မာတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေစတင်ပေးနေပြီး ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေ (အောက်တိုဘာ ၃ရက်နဲ့ ၄ရက်) တို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသား (၁၅၀၀၀) ကျော် ကြိုတင်မဲပေးခဲ့ကြတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



အောက်တိုဘာလ (၅) ရက်က နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသု့ိအစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အခုဆိုရင် သံရုံးဌာန (၁၀)နေရာမှာ ကြိုတင်မဲတွေပေးနေပြီး နိုင်ငံရပ်ခြားမှာ ကြိုတင်မဲပေးဖို့ ပုံစံ (၁၅) ဖြည့်ထားတဲ့ မြန်မာနိုင်ငံသားကလည်း တစ်သိန်းကျော်ရှိနေပြီး နှစ်ရက်အတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တက်တက်ကြွကြွနဲ့ ကြိုတင်မဲပေးတွေ ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒါဟာ နိုင်ငံ့အတွက် အင်မတန် သိက္ခာရှိတဲ့ကိစ္စဖြစ်ကြောင်း အတိုင်ပင်ခံက ဆိုပါတယ်။

ဓာတ်ပုံ- AP

“ ကြိုတင်မဲပေးတဲ့အခြေအနေကကျွန်မတို့ အတွက် ဂုဏ်ယူစရာကောင်းတယ်လို့ ပြောနိုင်တယ်။ အခုဆိုရင် စနေ၊တနင်္ဂနွေမှာ ပေးလိုက်တဲ့ ကြိုတင်မဲဟာဆိုရင် ၁၅၉၇၁ ယောက်ထင်ပါတယ်။ နိုင်ငံသားများဟာ ဘယ်နေရာ ရောက်ရောက် ဘယ်လိုအခြေအနေပဲရှိရှိ ဒုက္ခခံပြီး နိုင်ငံသားတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တာ ကျွန်မတို့ အတွက် တစ်တပ်တစ်အားဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် Stay at Home အမိန့်တွေ ထုတ်ထားတဲ့ ရန်ကုန်တိုင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေမှာနေထိုင်သူတွေအနေနဲ့ မိမိတို့ရဲ့ မူလမြို့နယ်၊ မိသားစုရှိရာ မြို့နယ်တွေကို ပြန်ပြီး မဲပေးဖို့ မလွယ်ကူတော့တာကြောင့် ကိုယ်ရောက်ရှိနေတဲ့ဒေသတွေမှာပဲ မဲပေးဖို့ အောက်တိုဘာလ (၁၀) ရက်မတိုင်ခင် ပုံစံ (၃) နဲ့ လျှောက်ထားဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းပြောကြားခဲ့ပါတယ်။

“အဲဒါနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကလည်း ထုတ်ပြန်တာ ရှိပါလိမ့်မယ်။ သတိမပြုမိတဲ့ပြည်သူတွေ ရှိရင် ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။ ရန်ကုန်မှာနေတဲ့သူက နယ်မြို့ကို ရောက်နေတယ်ဆိုပါတော့။ အဲဒီမှာပဲ မဲပေးရေးအတွက် ကို အောက်တိုဘာ ၁၀ ရက် မတိုင်မီ ပုံစံ (၃) နဲ့ လျှောက်လို့ရပါတယ်။ ”လို့ ပြည်သူတွေကို သတိပေးပြောဆိုခဲ့တာပါ။

လက်ရှိမှာ မဲစာရင်းတွေကို အွန်လိုင်းကတစ်ဆင့် စစ်ဆေးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က လုပ်ပေးထားရာမှာ အထစ်အငေါ့တွေ ရှိခဲ့တာကို နားလည်ပြီး တတ်နိုင်သမျှပြန်လည်ပြင်ဆင်ပေးမယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က