ကမ္ဘာတစ်ဝန်း လူ ၁၀ ဦးမှာ တစ်ဦးဟာ COVID-19 ရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အဖွဲ့အစည်းခေါင်းဆောင်များ အထူးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
(Photo: Reuters)
WHO ထိပ်တန်းအရာရှိတစ်ဦးရဲ့ အဆိုအရ ယခု ခန့်မှန်းချက်ဟာ ကမ္ဘာ့နေရာအများစုဟာ ကပ်ရောဂါအန္တရာယ်ရှိနေဆဲ အဓိပ္ပါယ်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ ၃၅ သန်းရှိကြောင်း အစိုးရအသီးသီးက အတည်ပြု ထုတ်ပြန်ထားပြီး WHO က အမှန်တစ်ကယ် ကူးစက်ခံရသူ သန်း ၈၀၀ နီးပါးရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ကမ္ဘာလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ဒီဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်ပါတယ်
ကျွမ်းကျင်သူတွေက ကူးစက်ခံရသူ အရေအတွက်ဟာ အတည်ပြု ထုတ်ပြန်ထားမှုထက် ပိုများနိုင်ကြောင်း ကာလရှည်ကြာ သုံးသပ်ပြောကြားထားခဲ့ပါတယ်။ WHO က အထူးအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ရုံးချုပ်မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုအပေါ် ဆွေးနွေးခဲ့ကြပါတယ်။
(Photo: Reuters)
ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုဟာ ၁၀ လအတွင်း ရောက်ရှိလာပြီဖြစ်ကာ ပြီးဆုံးမယ့်လက္ခဏ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ နိုင်ငံတွေမှာ ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ရုပ်သိမ်းခဲ့ပြီးနောက် ကူးစစ်မှုဒုတိယလှိုင်းကို ကြုံတွေ့နေကြရပြီး အချို့မှာ ကူးစက်မှုတွေ ပိုများလာခဲ့ပါတယ်။
ကမ္ဘာ့နေရာအများစုဟာ အန္တရာယ်ရှိနေဆဲပါပဲ
အရှေ့တောင်အာရှဒေသရဲ့ နေရာတွေမှာ ကူးစက်မှုများ မြင့်တက်ဖြစ်ပွားနေပြီး ဥရောပရဲ့ နေရာတွေနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းမှာ သေဆုံးမှုတွေ မြင့်တက်နေကြောင်း WHO ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာမိုက်ရိုင်ယန်က WHO ရဲ့ အလုပ်အမှုဆောင်အဖွဲ့ အထူးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
(Photo: AFP)
"ကျွန်တော်တို့ရဲ့ လက်ရှိ အကောင်းဆုံး ခန့်မှန်းချက်တွေအရ ကမ္ဘာလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ဒီဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်ပါတယ်၊ ဒီဟာက နိုင်ငံပေါ်မူတည်ပြီး ကွဲပြားပါတယ်၊ ကျေးလက်နဲ့ မြို့ပြ ကွဲပြားပါတယ်၊ အုပ်စုတွေပေါ်မူတညီပြီး ကွဲပြားပါတယ်၊ ဒါပေမဲ့ အဓိပ္ပါယ်ကတော့ ကမ္ဘာ့နေရာအများစုဟာ အန္တရာယ်ရှိနေဆဲပါပဲ၊ အခု ကျွန်တော်တို့ ခက်ခဲတဲ့ အချိန်ကာလကို ဦးတည်နေပါတယ်၊ ရောဂါက ဆက်လက် ကူးစက်ပျံ့နှံ့နေပါတယ်" လို့ ဒေါက်တာရိုင်ယန်က ရှင်းလင်းတင်ပြခဲ့ပါတယ်။
အခု ကျွန်တော်တို့ ခက်ခဲတဲ့ အချိန်ကာလကို ဦးတည်နေပါတယ်၊ ရောဂါက ဆက်လက် ကူးစက်ပျံ့နှံ့နေပါတယ်
WHO ခန့်မှန်းချက်အရ လက်ရှိ ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ သန်း ၇၆၀ ဟာ COVID-19 ကူးစက်ခံထားရနိုင်ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ အစိုးရအသီးသီးက အတည်ပြုထားတဲ့ တရားဝင် ထုတ်ပြန်မှုတွေအရ ကမ္ဘာတစ်ဝန်း လူဦးရေ ၃၅ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၁ သန်းကျော်နဲ့ ပြန်လည်သက်သာသူ ၂၆ သန်းကျော်ရှိခဲ့ပါတယ်။