OnePlus ကုမ္ပဏီဟာ အောက်တိုဘာလကုန်ပိုင်းမှာ နောက်ထပ် ဘက်ဂျက်ဖုန်းသစ်နှစ်မျိုးကို ဖြန့်ချိသွားမယ်လို့ သတင်းတွေထွက်နေပါတယ်။
ဒီဖုန်းသစ်နှစ်မျိုးစလုံးဟာ OnePlus Nord စီးရီးရဲ့ နောက်ဆက်တွဲ တန်ဖိုးနည်းဗားရှင်း ဖြစ်ပြီး OnePlus Nord N10 5G နဲ့ Nord N100 နာမည်တွေနဲ့ ထွက်လာမှာပါ။ အိန္ဒိယစမတ်ဖုန်းသတင်းလိုက်သူနဲ့ YouTuber ဖြစ်တဲ့ မူကဲရှားမားရဲ့ သတင်းဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ပြောထားပါတယ်။
Photo: phonearena
OnePlus Nord N10 ဟာ တန်ဖိုးနည်း 5G ဖုန်းအဖြစ် ဈေးကွက်ဝင်ဖို့ ရှိပြီး Snapdragon 690 Mobile Platform သုံးလာမယ်လို့ သတင်းပြေးနေပါတယ်။ OnePlus Nord N100 ကတော့ Snapdragon 460 SoC သုံး ဖုန်းအဖြစ် မြင်ရဖို့ ရှိပြီး ဒေါ်လာ ၂၀၀ ပတ်ချာလည်တန် ဖုန်းဖြစ်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
OnePlus Nord N10 ဟာ screen size ၆.၄၉ လက်မ FHD+ display နဲ့လာပြီး 90Hz refresh rate ပါရှိဖို့ ရှိပါတယ်။ RAM 6GB/128GB storage ဗားရှင်းလည်း ထွက်ဖို့ ရှိပြီး ကျောဘက်မှာ Quad Cameras စနစ်ဖြစ်တဲ့ 64MP + 8MP + 2MP + 2MP ကင်မရာလေးလုံး သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။
Photo: 91mobiles
OnePlus Nord ဖုန်းသစ်တွေရဲ့ တစ်ခြားအချက်အလက်တွေ မသိရသေးပါဘူး။ ဒီဖုန်းသစ်နှစ်မျိုးစလုံးကို အင်္ဂလန်နဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံဈေးကွက်တွေကို ဦးစားပေးဖြန့်ချိသွားဖို့ ရှိပါတယ်။ OnePlus ဟာ လာယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ earbuds သစ်တွေနဲ့အတူ နောက်ဆုံးပေါ် OnePlus 8T 5G ဖုန်းကို ကြေညာသွားမှာပါ။
OnePlus Nord ရဲ့ Instagram အကောင့်မှာ #ComingSoon ဆိုတဲ့ caption တစ်ခုနဲ့ teaser တစ်ခု တင်ထားပါတယ်။ ဒီပို့စ်မှာ ဖုန်းအကြောင်း ပြောထားတာ မရှိပေမယ့် မကြာခင် မိတ်ဆက်သွားမယ့် ဘက်ဂျက်စီးရီး OnePlus Nord ဖုန်းသစ်တွေကို ရည်ညွှန်းတာ ဖြစ်မယ်လို့ ယူဆရပါတယ်။