ကိုဗစ် 19 ကူးစက်ရောဂါကုသရေးမှာ အသုံးပြုတဲ့ Remdesivir ထိုးဆေးအလုံး (၃၀၀၀)ကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို လှူဒါန်းခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လှူဒါန်းခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံက လှူဒါန်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
Remdesivir ဆေးကို COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို နိုင်ငံတော်အတိုင်ပင်ခံက အောက်တိုဘာလ (၅)ရက်နေ့က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု နယ်ပယ်များ အပါအဝင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် အခြားအကျိုးတူကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံမှ စမ်းသပ်ထုတ်လုပ် သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အောင်မြင်ပါက မြန်မာနိုင်ငံ အပါအဝင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းထုတ်လုပ်သွားနိုင်ရေးကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်းမှာတော့ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်မှ စက်မှုလယ်ယာစခန်းခွဲများအား အဆင့် မြှင့်တင်ကာ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စီမံကိန်း သဘော တူညီချက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့ပြီး မြစ်ကြီးနားမြို့ရှိ ဆော့ဖ်ဝဲရေးသားထုတ်လုပ်မှုနှင့် လေ့ကျင့်ရေး အဆင့်မြင့်သင်တန်းဌာနကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။