နာမည်ကျော် Anti-Virus ကုမ္ပဏီ McAfee ကို တည်ထောင်ခဲ့သူ ဂျွန်မက္ကဖီးကို စပိန်နိုင်ငံမှာ ဖမ်းဆီးလိုက်ပါတယ်။
Libertarian Party အတွက် ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ခဲ့သူ ဂျွန်မက္ကဖီးကို အခွန်ရှောင်မှုနဲ့ စွဲချက်တင်ထားတာ ဖြစ်တယ်လို့ အမေရိကန်တရားရေးဘက်က ကြေညာပါတယ်။ ဂျွန်မက္ကဖီးကို စပိန်မှာ ဖမ်းဆီးခဲ့ပြီးနောက် အခွန်ဌာနဟာ ဇွန် ၁၅ ရက်နေ့က တင်ထားတဲ့ စွဲဆိုချက်ကို ဖွင့်ချလိုက်တာပါ။
စွဲဆိုချက်ထဲမှာ ဂျွန်မက္ကဖီးဟာ ၂၀၁၄ ကနေ ၂၀၁၈ အတွင်း cryptocurrency ရောင်းအားမြှင့်တင်မှု ၊ လုပ်ငန်းအတိုင်ပင်ခံအလုပ် ၊ အရောင်းအဝယ်ညှိနှိုင်းပေးမှုနဲ့ အတ္ထုပ္ပတ္တိတစ်ခုအတွက် သူ့ဘဝဇာတ်ကြောင်း မူပိုင်ခွင့်ရောင်းချမှုတွေကနေ ဒေါ်လာသန်းပေါင်းများစွာ ဝင်ခဲ့တယ်လို့ Engadget က ဆိုပါတယ်။ လေးနှစ်စာ ဝင်ငွေတွေကနေ အခွန်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တာလို့ တင်နက်ဆီအနောက်ခရိုင်တရားရုံးမှာ တင်ထားတဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။
Photo: mercurynews
မက္ကဖီးဟာ ဝင်ငွေကို တစ်ခြားသူတွေရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်နဲ့cryptocurrency အကောင့်တွေနဲ့ ပေးခိုင်းပြီး အခွန်ရှောင်လွှဲခဲ့တာပါ။ ဒီထဲမှာ ဇိမ်ခံရွက်လှေတစ်စင်းအပါအဝင် ဝယ်ယူလိုက်တဲ့ ပစ္စည်းနဲ့ ပိုင်ဆိုင်သမျှအားလုံးကိုလည်း တစ်ခြားသူနာမည်နဲ့ ထားပြီး ပိုင်ရှင်နာမည်ကို မသိရအောင် လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။
အခွန်ဌာနကို မက္ကဖီးပေးရမယ့် ငွေကြေးပမာဏကိုတော့ စွဲဆိုချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။ တကယ်လို့ ပြစ်မှုထင်ရှားမယ်ဆိုရင် မက္ကကဖီးဟာ အခွန်ရှောင်လွှဲမှုတစ်ခုချင်းစီအတွက် အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ အခွန်ပေးဆောင်ဖို့ ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခြင်းတစ်ခုစီအတွက် အများဆုံး ထောင်ဒဏ် ၁ နှစ်စီ ကျခံနိုင်ဖို့ ရှိပါတယ်။
မက္ကဖီးအနေနဲ့ ခြေချုပ်နဲ့ နေရဖို့ ရှိသလို ငွေဒဏ်အဖြစ် ဒေါ်လာ ၃ သိန်းခွဲကျော်လည်း ပေးဆောင်ရနိုင်တယ်လို့ စွဲဆိုချက်က ဆိုပါတယ်။ ဆိုက်ဘာလုံခြုံရေး သူဌေးကြီးဟာ လုံခြုံရေးနဲ့ အိတ်ချိန်းကော်မရှင် SEC ရဲ့ တရားစွဲဆိုခြင်း လည်း ခံထားရပါတယ်။ SEC ရဲ့စွဲဆိုမှုမှာ မက္ကဖီးဟာ Initial Coin Offerings (ICOs) တွေဆီက အခကြေးငွေနဲ့ ပရိုမိုးရှင်းဆင်းကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ crytptocurrency ဝယ်ယူအောင် recommend ပေးခဲ့တယ်လို့ ဆိုပါတယ်။
cryptocurrency ရင်းနှီးမြှပ်နှံသူတွေကို ICOs တွေနဲ့ ပတ်သက်ပြီး Recommend ပေးရာမှာ ကိုယ်တိုင်က ရင်းနှီးမြှပ်နှံသူ နဲ့ နည်းပညာအကြံပေးအဖြစ်လည်း လိမ်လည်ပြောဆိုမှု လုပ်ခဲ့တယ်လို့ စွဲချက်မှာ ပါရှိပါတယ်။
"တကယ်တမ်းမှာ မက္ကဖီးရဲ့ Tweets တွေဟာ အရိုးခံအတိုင်း ရင်းနှီးမြှပ်နှံမှု အကြံဉာဏ်အဖြစ် အယောင်ဆောင်ထားတဲ့ အခပေးကြေညာပရိုမိုးရှင်းတွေ ဖြစ်နေပါတယ်။"လို့ စွဲချက်က ဆိုပါတယ်။
SEC ရဲ့ အဆိုအရ မက္ကဖီးဟာ ဒီလိုမျိုး ထောက်ခံချက်ပေးမှုတွေကနေ ဒေါ်လာ ၂၃ သန်းကျော် ရှာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မက္ကဖီးဟာ အခုလို ပရိုမိုးရှင်းဆင်းတဲ့ Tweet တစ်ခုကနေ ဒေါ်လာ ၁၀၅၀၀၀ ရခဲ့တယ်လို့ ဆိုပါတယ်။
Photo: mercurynews
၁၉၈၇ ခုနှစ်က ဂျွန်မက္ကဖီးထောင်ခဲ့တဲ့ McAfee ဆိုင်ဘာလုံခြုံရေးကုမ္ပဏီကို ၂၀၁၁ ခုနှစ်မှာ Intel က ဝယ်ယူခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဒီကုမ္ပဏီကနေ နှုတ်ထွက်ခဲ့ပြီး ဒေါ်လာ ၇၅ သန်းရခဲ့တယ်လို့ဆိုပါတယ်။ မက္ကဖီးဟာ ဘရာဇီးမှာ နှစ်အတော်ကြာ ရှောင်တိမ်းခဲ့ပြီးနောက် ၂၀၁၃ မှာ အမေရိကန်ကို ပြန်ရောက်လာခဲ့တာပါ။
၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ နယူးမက္ကဆီကို မြို့တော်ဝန်ဟောင်း ဂယ်ရီဂျွန်ဆင်ကို ရှုံးနိမ့်ခဲ့သလို ၂၀၂၀ ပြည့်နှစ်အတွက် ဒုတိယမြောက် သမ္မတရွေးကောက်ပွဲကမ်ပိန်းမှာလည်း အဆိုပြုရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
Share