ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်နေရသူများနဲ့ ကွာရန်တင်းစင်တာကို ရောက်ရှိနေကြသူတွေအနေနဲ့ လာမယ့် အောက်တိုဘာလကုန်မှာ ကြိုတင်မဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
အခု အောက်တိုဘာလ ဒုတိယပတ်ကစတင်ပြီး ဆေးရုံတက်နေရသူတွေ၊ကွာရန်တင်းစင်တာတွေကို ရောက်ရှိနေတဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကောက်ခံမှာဖြစ်ပြီး သူတို့မဲပေးရမယ့် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေက ဆန္ဒမဲလက်မှတ်တွေကို တောင်းခံပေးမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက Duwun ကိုပြောပါတယ်။
“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်း ဆောင်ရွက်ပေးဖို့ လုပ်နေပါတယ်။ လက်ရှိ ညွှန်ကြားထားချက်အရ အောက်တိုဘာလကုန်မှာ သူတို့ကို ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါက မူလအစီအစဉ်ပါ။ ဒါပေမယ့် ကွာရန်တင်းဝင်နေသူ၊ ဆေးရုံတက်နေသူတွေရဲ့ ကိုဗစ်ဂိုက်လိုင်းကလည်း အခြေအနေတွေအရ ပြောင်းလဲနေတာဆိုတော့ ဒီအပေါ်မှာ အဆင်ပြေအောင် ပြင်ဆင်နေပါတယ်” လို့လည်း ဦးတင်မောင်အေးက ဆိုပါတယ်။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊နည်းဥပဒေတွေမှာ ပြဌာန်းထားချက်အရ ဆေးရုံတွေမှာ ကြိုတင်ဆန္ဒမဲပေးမယ့်သူတွေအတွက် မဲလက်မှတ်တွေကို ဆေးရုံကြီးကြပ်ရေးမှူးကို အပ်နှံရမှာဖြစ်ပြီး ဆေးရုံကြီးကြပ်ရေးမှူးရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်တယ်လို့လည်း သိရပါတယ်။
“ ဆေးရုံကြီးမှူးက ဒီပုဂ္ဂိုလ်သည် ဆန္ဒမဲပေးဖို့ အတွက် ဘယ်လိုအခြေအနေနဲ့ကိုက်ညီတယ်။ လုံလောက်တယ်ဆို ဆန္ဒမဲပေးလို့ရအောင် စီစဉ်ပေးမယ်။ သူ့အနေနဲ့ ဒီမဲဆန္ဒရှင်က မဲပေးဖို့ ကျန်းမာရေးအခြေအနေအရ မသင့်လျော်ဘူးဆိုရင်လည်း အစီရင်ခံစာနဲ့ တင်ပြရမှာဖြစ်တယ်။ ဒါကတော့ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေမှာ ပါထားတဲ့အတိုင်းလိုက်နာဆောင်ရွက်ရမှာပါ။” လို့လည်း ရန်ကုန် ရွေးကော်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးကဆက်ပြောပါတယ်။
ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာတွေနဲ့ ကွာရန်တင်းစင်တာမှာ ရောက်ရှိနေသူတွေ ကြိုတင်မဲပေးနိုင်ရန် နဲ့ မဲပေးတဲ့အခါ အထူးဆောင်ရွက်ရမယ့် ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကွာရန်တင်းဝင်နေသူတွေ၊ ဆေးရုံတက်နေတဲ့ ပြည်သူတွေ ကြိုတင်မဲပေးနိုင်ဖို့ အရေး စတင်စီစဉ်နေပြီး ထိရောက်လုံခြုံတဲ့နည်းလမ်းနဲ့ မဲပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း အောက်တိုဘာ (၅) ရက်ညပိုင်းက ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ ရောဂါနောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။