စင်ကာပူနိုင်ငံမှာ COVID-19 ကပ်ရောဂါကာလအတွင်း ကလေးယူကြရန် အားပေးတိုက်တွန်းမှုအဖြစ် အစိုးရက တစ်ကြိမ်ပေးအပ်တဲ့ ထောက်ပံ့ငွေများ ပေးသွားမယ်လို့ ဆိုပါတယ်။
(Photo: MediaCorp/CNA)
COVID-19 ကြောင့် လူအချို့က ကလေးယူမယ့်အစီအစဥ်ကို ရွှေ့ဆိုင်းထားကြောင်း သိရှိလာရပြီးနောက် စင်ကာပူအစိုးရက ထိုအစီအစဥ်ကို စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။ "လုံးဝ နားလည်နိုင်ပါတယ်၊ အထူးသဖြင့် သူတို့ရဲ့ဝင်ငွေ မသေချာမရေရာမှု ကြုံနေရတဲ့အခါမှာပေါ့" လို့ လက်ထောက်ဝန်ကြီးချုပ် Heng Swee Keat က အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ပေးအပ်သွားမယ့် ငွေပမာဏ အသေးစိတ်ကို မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။ ယခုပေးအပ်ငွေဟာ စင်ကာပူအစိုးရက လက်ရှိ ပေးအပ်နေပြီး စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိရရှိနိုင်တဲ့ Baby Bonus Cash Gift အစီအစဥ်မှာ ထပ်တိုးပါဝင်လာမှာဖြစ်ကာ ဝန်ကြီးချုပ်ရုံးက မကြာမီ နောက်ထပ် အသေးစိတ် ထုတ်ပြန်သွားမယ်လို့ Heng Swee Keat က ပြေခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(Photo: Reuters)
စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီး ဆယ်စုနှစ်များကြား မွေးဖွားနှုန်းမြှင့်တင်ရန် ရုန်းကန်နေရကြောင်း BBC သတင်းက ဖော်ပြပါတယ်။ COVID-19 ကာလအတွင်း စင်ကာပူက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကဲ့သို့ အိမ်နီးချင်း နိုင်ငံအချို့နဲ့ နှိုင်းယှဥ်ပါက ပြောင်းပြန်အခြေအနေ ဖြစ်နေခဲ့ပါတယ်။
ထိုနိုင်ငံတွေမှာတော့ ကူးစက်မှုထိန်းချုပ်ရေး lockdown သတ်မှတ်ထားစဥ် ကိုယ်ဝန်ရှိမှုတွေ သိသာစွာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ ကလေးမွေးဖွားနှုန်းဟာ ၂၀၁၈ ခုနှစ်က ရှစ်နှစ်အတွင်း အနိမ့်ဆုံးကျဆင်းခဲ့ကြောင်းနဲ့ အမျိုးသမီးတစ်ဦးလျှင် မွေးဖွားမှုနှုန်း ၁.၁၄ ဖြစ်ခဲ့ပါတယ်။
အာရှနိုင်ငံ အများအပြားမှာ အလားတူ မွေးဖွားနှုန်းကျဆင်းမှု ကြုံနေရပြီး ကပ်ရောဂါကာလအတွင်း ပိုမိုကျဆင်းနိုင်ပါတယ်။ ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံရဲ့ မွေးဖွားနှုန်းဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ မှာ ထူထောင်ခဲ့ချိန်မှစပြီး အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်မှာ စုံတွဲတစ်တွဲလျှင် ကလေးတစ်ဦးသာယူရမယ့် မူဝါဒကို ဖြေလျှော့ပေးပေမဲ့လည်း မွေးဖွားနှုန်းကျဆင်းခဲ့ပါတယ်။