ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (အောက်တိုဘာ ၇ ရက်) မနက်အစောပိုင်းမှာ ၃၆ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

(Image: Worldometers webpage screengrab)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၆ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁ သန်းကျော် (၁,၀၅၄,၆၀၄ ဦး) သေဆုံးခဲ့ပြီး ၂၇ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ၃၅ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၄ ရက်နေ့မှာ ၁,၀၃၈,၂၈၅ ဦးမှ ၃ ရက်ကျော်အတွင်း ၁၆,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၆ သန်းကျော်အနက် ၇.၈ သန်း‌ကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇.၇ သန်း ကူးစက်ခံထားရပြီး သေဆုံးသူ ၂၁၅,၈၀၀ ကျော်ရှိခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့ကိုယ်တိုင် COVID-19 ကူးစက်ခံထားရပြီး ထရန့်ကိုတော့ အောက်တိုဘာ ၂ ရက်နေ့မှစပြီး စစ်ဘက်ဆေးရုံမှာ ကုသပေးနေခဲ့ပြီး အောက်တိုဘာ ၅ ရက် ညနေပိုင်းက ဆေးရုံဆင်းခဲ့ကာ အိမ်ဖြူတော်မှာ ဆက်လက်ကုသမယ်လို့ ဆိုပါတယ်။ တနင်္လာနေ့ (အောက်တိုဘာ ၅ ရက်) စာရင်းတွေအရ အမေရိကန်မှာ ဝစ်ကွန်ဆင်၊ မွန်တာနာ၊ နီဘရာစကာ၊ မြောက်ဒါကိုတာ၊ တောင်ဒါကိုတာနဲ့ ဝိုင်အိုမင် ပြည်နယ်တွေမှာ COVID-19 ကြောင့် ဆေးရုံတက်ရသူ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

(Photo: Reuters)

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၆.၇၅ သန်းနဲ့ သေဆုံးသူဦးရေ ၁၀၀,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အိန္ဒိယမှာ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေပေမဲ့ ရုပ်ရှင်ရုံများကို ထိုင်ခုံအရေအတွက် ထက်ဝက်ဖြင့် ပြန်ဖွင့်ခွင့်ပြုထားပြီး စာသင်ကျောင်းတွေကိုလည်း ယခုလအတွင်း ပြန်ဖွင့်ရန် ပြည်နယ်အစိုးရအသီးသီးကို ဆုံးဖြတ်ခွင့်ပြုထားကြောင်း သိရပါတယ်။

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၉ သန်းကျော်နဲ့ သေဆုံးသူ ၁၄၆,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ ဗြိတိန်မှာ ဆေးရုံတက်လူနာ များပြားလာပြီး Remdesivir ထိုးဆေး လိုအပ်ချက်မြင့်တက်နေရာ ယာယီအားဖြင့် အလိုအပ်ဆုံး လူနာတွေကို ဦးစားပေးပြီး ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးနေကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ ထိုအတောအတွင်း ကမ္ဘာတစ်ဝန်း အမှန်တစ်ကယ် ကူးစက်ခံထားရနိုင်တဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ သန်း ၇၆၀ အထိရှိနိုင်ကြောင်း၊ တစ်နည်းအားဖြင့် လူ ၁၀ ဦးမှာ တစ်ဦးက ကူးစက်ခံထားရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ခေါင်းဆောင်များ အထူးအစည်းအဝေးမှာ WHO မှ အရေးပေါ်အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမိုက်ရိုင်ယန်က ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အဆိုပါ အထူးအစည်းအဝေး အပိတ်မိန့်ခွန်း ပြောကြားမှုအတွင်း ယခုနှစ်ကုန်မှာ COVID-19 ရောဂါကာကွယ်ဆေးတစ်ခု အဆင့်သင့်ဖြစ်နိုင်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။ သို့သော် အသေးစိတ်ကိုတော့ ၎င်းက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေပါတယ်။

အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၃၂၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၃၁၁,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၁,၃၇၄ ဦးရှိခဲ့ပါတယ်။ ဖိလစ်ပိုင်က သေဆုံးသူ ၅,၈၆၈ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၀,၀၃၃ ဦး၊ သေဆုံးသူ ၄၇၁ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၅,၇၈၂ ဦးနဲ့ ကုသနေရဆဲ ၁၃,၇၈၀ ဦး ရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က