စိတ်ကျန်းမာရေးချို့တဲ့သူလို့ ယူဆရတဲ့ အသက် (၅၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်း ပေါ်ကနေ ခုန်ချသေဆုံးမှု တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ (၇) ရက် ညနေပိုင်းလောက်က တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊(၂၃) လမ်း (၆) လွှာကနေ အဆိုပါ စိတ်ဝေဒနာခံစားနေရသူ အမျိုးသမီး တိုက်ပေါ်ကနေ ခုန်ချခဲ့တဲ့သတင်းအရ သွားရောက်စဉ် သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ အေးချမ်းဖြူစင်ပရဟိတအသင်းက ပြောပါတယ်။
“ စပြီးခုန်ချတဲ့အချိန်တော့မသိဘူး။ ကျွန်မတို့ လူမှုကူညီရေးအသင်းကို ဖုန်းဆက်တော့ ကယ်ဆယ်ရေးလွှတ်ပေးတဲ့အချိန်မှာ သူက အောက်ကို ပြုတ်ကျနေပြီးပေါ့နော်။ ပြုတ်ကျပြီး အသက်မရှိတော့တဲ့အခြေအနေဖြစ်နေပြီ။ နည်းနည်းစိတ်ကျန်းမာရေးချို့တဲ့တယ်လို့သတင်းကြားပါတယ်။ ဆေးတွေလည်း သောက်နေရတယ်လို့ ပြောပါတယ်။ မိသားစုနဲ့ အတူတူနေတာလို့တော့ ကြားပါတယ်။ “ လို့ အေးချမ်းဖြူစင်ပရဟိတအသင်းရဲ့ အတွင်းရေးမှူး မသီရိဇော်က Duwun ကိုပြောပါတယ်။
“ အရင်ကတည်းက စိတ်မနှံ့တဲ့သူတစ်ယောက်လို့သိရပါတယ်။ ရပ်ကွက်ထဲမှာလည်း ဟိုလျှောက်သွား ဒီလျှောက်သွား လုပ်နေကြပေါ့။ အခုက Home Stay ဆိုတော့ အိမ်ပေါ်မှာနေတော့ စိတ်ကျဉ်းကြပ်သွားတယ်ထင်ပါတယ်။ ဒါမျိုးဖြစ်သွားတာပေါ့” လို့လည်း တောင်ဥက္ကလာပမြို့နယ် တိုင်းလွှတ်တော် အမတ် ဦးမိုးမြင့်ကလည်း မှတ်ချက်ပြုပြောဆိုပါတယ်။ သေဆုံးသူကိုတော့ စံပြဆေးရုံကို ပို့ဆောင်ထားလိုက်ပြီလို့ အေးချမ်းဖြူစင်ပရဟိတအသင်းကနေ သိရပါတယ်။