နိုင်ငံအတွင်း ကိုဗစ်လူနာအရေအတွက်များလာသည်နှင့်အမျှ လူနာတွေကို နေရာလုံလောက်စွာ ထားရှိကုသနိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက အစိုးရဆေးရုံတွေကို တိုးချဲ့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးအပါအဝင် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ သင်္ကန်းကျွန်းဆေးရုံတို့မှာ တိုးချဲ့ပြင်ဆင်မှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwunကိုပြောပါတယ်။
“ အရင်တုန်းက ပိုးတွေ့လူနာတွေကို ထားရှိကုသမှုပေးနေတဲ့ တောင်ဥက္ကလာ၊ ဝေဘာဂီနဲ့ ဖောင်ကြီးဆေးရုံ တွေအပြင် အခုအချိန်မှာ ရန်ကုန်ဆေးရုံကြီးကိုလည်း တိုးချဲ့နေတယ်။ မြောက်ဥက္ကလာ၊ အင်းစိန်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွေကို ထပ်တိုးချဲ့ထားပြီး ဆေးရုံကြီး ၇ ခုမှာ ကုသမှုပေးဖို့ စီစဉ်နေတယ်။ တောင်ဥက္ကလာနဲ့ ဝေဘာဂီဆေးရုံတွေက အစကတည်းက သိပ်ပြီးတိုးချဲ့လို့အဆင်မပြေတဲ့နေရာတွေဆိုတော့ တခြားဆေးရုံတွေမှာပဲ တိုးချဲ့မှုတွေလုပ်နေတယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းမှာလည်း လူနာတွေကိုထားရှိဖို့ အစိုးရဆေးရုံတွေကို တိုးချဲ့ဆောင်ရွက်နေသလို ယာယီဆေးရုံတွေလည်းပြင်ဆင်ထားတာကြောင့် လူနာတွေထားရှိဖို့ နေရာအခက်အခဲသိပ်မရှိတော့ဘူးလို့ ဆိုပါတယ်။ နိုင်ငံတွင်း ကိုဗစ်လူနာတွေထပ်ပြီးတိုးနေပေမယ့်လည်း လူနာတွေကို နိုင်ကံတကာက လှူဒါန်းတဲ့ ကိုဗစ်ဆေးတွေနဲ့ ကုသမှုတွေပေးနေသလို သွေးရည်ကြည်နဲ့ကုသပေးနေမှုကလည်း အထိုက်အလျှောက်အောင်မြင်လျှက်ရှိတယ်လို့ သိရပါတယ်။
ဒီကုသမှုတွေနဲ့ပဲ လူနာတွေရဲ့ ၄ပုံ ၃ပုံလောက်က ပြန်ကောင်းလာတာကိုတွေ့ရတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ လက်ရှိနိုင်ငံတွင်း ပိုးတွေ့မှု ၁၂ %ခန့်ရှိပြီး ပိုးတွေ့လူနာအများစုမှာလည်း ရောဂါလက္ခဏာမပြင်းထန်တာကြောင့် သေဆုံးမှုတွေလည်း ကျလာတယ်လို့သိရပါတယ်။
ကျန်းမာရေးဝန်ကြီးအနေနဲ့ကလည်း နောက်ဆုံးပေါ်ဆေးဝါးတွေနဲ့ ကုသမှုပေးနေသလို နိုငံတကာက လှူဒါန်းတဲ့ဆေးတွေနဲ့ကုသမှုပေးနေတာကြောင်း နိုင်ငံတွင်းမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးမှာကောင်းမွန်တဲ့ အခြေအနေတစ်ခုထိရှိနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သုံးသပ်ပြောကြားထားပါတယ်။