ကမ္ဘာ့အင်အားကြီးနိုင်ငံ သမ္မတရဲ့ ဆရာဝန်အကြောင်းကို စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန့်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့ဟာ အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးမှုအဖြေ သိရှိခဲ့ရပြီးနောက် ထရန့်က အောက်တိုဘာ ၂ ရက်နေ့ အစောပိုင်းမှာ Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

(Photo: Bloomberg)

ထိုနေ့မှာပင် သမ္မတထရန့်ကို ဝါရှင်တန်အပြင်ဘက်ရှိ စစ်ဆေးရုံတစ်ရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့ပါတယ်။ ဆေးရုံမှာ သုံးရက်ကြာ ကုသမှုခံယူပြီးနောက် ထရန့်က လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက် ညနေပိုင်းမှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သမ္မတထရန့် COVID-19 ကူးစက်ခံရချိန်မှစပြီး ဆေးရုံတက်နေရတဲ့ ရက်များအတွင်း ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ၎င်းရဲ့ဆရာဝန် ဒေါက်တာ Sean Conley က အိမ်ဖြူတော်ဆေးဘက်ဆိုင်ရာအဖွဲ့ကို ဦးဆောင်ကာ နေ့စဥ် သတင်းစာရှင်းလင်းပွဲဖြင့် အသိပေးခဲ့ပါတယ်။



ထိုသတင်းစာရှင်းလင်းပွဲတွေနဲ့အတူ သမ္မတထရန့်ရဲ့ဆရာဝန် ဒေါက်တာ Conley ကို ကမ္ဘာ့သတင်းမီဒီယာတွေမှာ မြင်တွေ့ရမှုများလာပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ သမ္မတရဲ့ ကျန်းမာရေးကို အဓိက တာဝန်ယူထားတဲ့ ဆရာဝန်အကြောင်းကိုလည်း စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။

(Photo: AP)

အသက် ၄၀ နှစ်အရွယ် ဒေါက်တာ Sean Conley ဟာ ၂၀၁၈ ခုနှစ်မှစပြီး သမ္မတထရန့်ရဲ့ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိမ်ဖြူတော်မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအများစုကဲ့သို့ပင် ဒေါက်တာ Conley ကလည်း စစ်တပ်အရာရှိတစ်ဦးဖြစ်ပြီး သမ္မတထရန့်က ၎င်းရဲ့ကာကွယ်ရေးဦးချုပ် ဖြစ်ပါတယ်။

ဒေါက်တာ Conley ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ် Dolyestown မြို့ဇာတိဖြစ်ပြီး Notre Dame တက္ကသိုလ်မှ ၂၀၀၂ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ထို့နောက် Philadelphia College of Osteopathic Medicine မှာ အရိုးအကြောဆေးပညာကို တက်ရောက်သင်ယူခဲ့ပါတယ်။ ၎င်းဟာ ၂၀၀၆ ခုနှစ်မှာ အရိုးအကြောဆေးပညာ ဒေါက်တာဘွဲ့ (Doctor of Osteopathic Medicine) ရရှိခဲ့ပါတယ်။

(Photo: AP)

ဒေါက်တာ Conley ဟာ ဗာဂျီးနီးယားပြည်နယ် ပို့စ်မောက်သ်ရှိ Naval Medical Center မှာ နောက်ထပ် သင်တန်းများတ်ရောက်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ NATO တပ်ဖွဲ့နဲ့အတူ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အာဖဂန်မှာ တာဝန်ထမ်းဆောင်ခဲ့စဥ်အတွင်း လက်လုပ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာရခဲ့တဲ့ ရိုမေးနီးယားစစ်သားတစ်ဦးကို ကယ်တင်ခဲ့မှုအတွက် Romanian Emblem of Honour ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။

ထို့နောက် အမေရိကန်ရေတပ်အရာရှိ ဒေါက်တာ Conley ဟာ အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာအဖွဲ့မှာ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သမ္မတထရန့်က ၎င်းရဲ့ ဆရာဝန် ဒေါက်တာ Ronny Jackson ကို US Department of Veteran Affairs မှာ အကြီးအကဲအဖြစ် အမည်စာရင်းတင်သွင်းခဲ့စဥ် ဒေါက်တာ Conley က ထရန့်ရဲ့ ခေတ္တ ဆရာဝန် ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ၂၀၁၈ ခုနှစ် မေလအတွင်းမှာ ဒေါက်တာ Conley ဟာ သမ္မတထရန့်ရဲ့ ဆရာဝန်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(Photo: Carolyn Kaster/AP)

အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ် (American Civil War) နောက်ပိုင်း အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တွေကို စစ်ဘက်မှ ခေါ်ယူခန့်ထားလေ့ရှိပါတယ်။ စစ်တပ်ဆရာဝန်တွေဟာ ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူတွေဖြစ်ပြီး အိမ်ဖြူတော် ဆေးကုသမှုဟာ စစ်မြေပြင် ဆေးကုသမှုကဲ့သို့ ဆောင်ရွက်ရတာကြောင့် ၎င်းတို့ဟာ ကောင်းစွာကိုက်ညီသူတွေ ဖြစ်တယ်လို့ သမ္မတရဲ့ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါက်တာ Connie Mariano က New York Times ကို ပြောပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က