ဖျက်စီးသူလူငယ်ကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ငါးပြေမကျေးရွာအုပ်စု ၊ သုခမြိုင်ကျေးရွာမှာ ထောင်ထားတဲ့ ပြည်သူ့ပါတီ ရပ်/ကျေးဆိုင်းဘုတ် နဲ့ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို လူငယ်တစ်ဦးက အောက်တိုဘာလ ၅ရက်မနက်ပိုင်းက လာရောက်ဖျက်စီးသွားတယ်လို့ သိရပါတယ် ။

ဆိုင်းဘုတ်ဖျက်စီးသွားတဲ့ လူငယ်ကို ကျိုက်မရောမြို့နယ် ရဲစခန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပေမယ့်လည်း လက်ရှိအချိန်ထိ အဆိုပါလူငယ်ကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ် ။



ဓာတ်ပုံ- ဦးကျော်ကျော်စိုး ( သုခမြိုင်ကျေးရွာက ပြည်သူ့ပါတီဆိုင်းဘုတ်ကို ဖျက်စီးနေစဉ်)

" အခုထိတော့ မဖမ်းထားသေးဘူး။ သိရသလောက်တော့ သူ့ရွာမှာလည်းမရှိဘူး ။ ဟိုဘက်က လွှတ်တော်ကိုယ်စားလှယ်ကပြောတော့လည်း KNU က လာခေါ်သွားတယ်ပြောတယ်။ အခု KNU က ပြန်ငြင်းတယ် ။ ပြောရရင် အဲဒီမတိုင်ခင်တစ်ရက်က ကျွန်တော်တို့က အဲဒီကိုသွားပြီးတော့ ဆန်လှူတယ် အဲဒီဘက်ကရွာကို ။ နောက်နေ့ အဖျက်ခံရတယ် ။ဖျက်တဲ့အချိန်မှာ ကျွန်တော်တို့ပါတီမြို့နယ်အတွင်းရေးမှူးက အဲ့နားရှိတော့တားမလို့လုပ်တော့ ဟိုတစ်ယောက်က ခဲနဲ့ပေါက်တယ် ။ အဲဒီတော့ အိမ်ထဲကနေပဲ ဓာတ်ပုံရိုက်ထားလိုက်တယ် ။ ပြောနေကြတဲ့ လူငယ်အချင်းချင်းတို့ဘာတို့ကလည်း အဲဒီ NLD လွှတ်တော်အမတ်ကပဲ ပြောတာ ။ တကယ်တမ်းတော့လည်း ကျွန်တော်တို့ဘက်နဲ့ ဘာမှ ပြဿနာတက်ထားတာမရှိဘူး ။ သူက သူ့ဘာသာဆိုင်ကယ်နဲ့လာပြီး ဖျက်သွားတာ ။ ပြီးတော့ ဆိုင်ကယ်နဲ့ပြန်ထွက်သွားတယ် " လို့ ပြည်သူ့ပါတီ ၊ ကျိုက်မရောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ် ။

မျက်မြင်သက်သေတွေ နဲ့ ပြည်သူ့ပါတီတာဝန်ရှိသူတွေ ပြောကြားချက်အရ အဆိုပါ ဖျက်စီးသွားတဲ့ လူငယ်က မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်က NLD ပါတီဥက္ကဌရဲ့ သား စောချဲဖြစ်ပြီး ၎င်းကို KNU က ခေါ်ဆောင်သွားတယ်လို့ NLDပါတီ ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဖြေကြားထားကြောင်း ပြည်သူ့ပါတီ တာဝန်ရှိသူက ပြောပါတယ် ။

ဓာတ်ပုံ-ဦးကျော်ကျော်စိုး ( သုခမြိုင်ကျေးရွာက ဖျက်စီးခံရသည့် ပြည်သူ့ပါတီဆိုင်းဘုတ်ကို တွေ့ရစဉ်)

" မီဒီယာတွေနဲ့ တွေ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က ပြောတယ် ။ ဒီကလေးက နဂိုထဲက KNU မှာ အရာခံဗိုလ်လုပ်ခဲ့တယ်ပေါ့။အခုသူ့ကို KNU ကပြန်ခေါ်သွားပြီလို့ မီဒီယာအင်တာဗျူးတစ်ခုမှာပြောတယ် ။ နောက်မီဒီယာတစ်ခုက KNU ကိုမေးတော့ KNU ကသူတို့ဆီမှာ လုံးဝမရှိပါဘူးတဲ့ ။ အခုနောက်ဆုံးအထိကတော့ ရဲစခန်းမှာလည်း ဖမ်းမထားရသေးဘူး ၊ သူ့ရွာမှာလည်းမရှိဘူး " လို့ ပြည်သူ့ပါတီ ၊ ကျိုက်မရောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ် ။

ပြည်သူ့ပါတီရဲ့ ဆိုင်းဘုတ်တွေကို မန္တလေးတိုင်း နဲ့ ဧရာဝတီတိုင်းက ကျေးရွာအချို့မှာလည်း ဖျက်စီးခံရမှုတွေရှိခဲ့သလို လက်ရှိကျိုက်မရောဖြစ်စဉ်မှာတော့ သက်သေနဲ့တကွတိုင်ကြားထားပေမယ့် ရဲလုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဖိအားပေးဆောင်ရွက်ဖို့ မရှိဘူးလို့ ပြည်သူ့ပါတီ တာဝန်ရှိသူက ပြောကြားထားပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က