အင်ဒိုနီးရှား မြို့တွေမှာ အောက်တိုဘာ ၆ ရက်နေ့မှစပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသရဲ့ စီးပွားရေးအင်အားကြီးဆုံး အင်င်ဒိုနီးရှားနိုင်ငံမှာ အငြင်းပွားဖွယ် အလုပ်အကိုင်ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုတွေ ယနေ့ (အောက်တိုဘာ ၇ ရက်) ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့က ဓာတ်ဆီပုလင်းဗုံးနဲ့ ချွန်ထက်တဲ့လက်နက်များနဲ့အတူ ဆန္ဒပြသူ ၄၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြသူတွေက အနည်းဆုံး နေရာ ၁၂ ခုမှာ စုရုံးဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က တောင်ပိုင်းဆူမာတြားပြည်နယ် Palembang မြို့ရှိ လွှတ်တော်အပြင်ဘက်မှာ ၁၈၃ ဦးနဲ့ ဂျကာတာမြို့တော်မှာ စစ်ဆေးမေးမြန်းရန် ဆန္ဒပြသူ ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အင်ဒိုနီးရှား မြို့တွေမှာ အောက်တိုဘာ ၆ ရက်နေ့မှစပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်များဖြင့် ဆန္ဒပြလူအုပ်စုတွေကို ဖြိုခွင်းခဲ့ပါတယ်။



ဆန္ဒပြသူတွေက အောက်တိုဘာ ၅ ရက်နေ့မှာ လွှတ်တော်က အတည်ပြုခဲ့တဲ့ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြန်ရုပ်သိမ်းရန် တောင်းဆိုနေပြီး ထိုဥပဒေကို အလုပ်သမားသမဂ္ဂတွေက ဒေါသထွက်စရာ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်ဆိုင်ရာ ဥပဒေသစ်က စီးပွားရေးလုပ်ငန်းတွေကို တစ်ဖက်စောင်းနင်းဖြင့် အခွင့်အရေးပေးထားပြီး အလုပ်သမားတွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေမယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောထားပါတယ်။

ဂျာဗားကျွန်းပေါ်ရှိ Semarang မြို့မှ ဆန္ဒပြမှုမှတ်တမ်းအရ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ဒေသဆိုင်ရာ လွှတ်တော်ဝင်းခြံစည်းရိုးတွေကို ဖျက်ဆီးပစ်ခဲ့တာ တွေ့ရပါတယ်။ ဂျကာတာနဲ့ ဘန်ဒေါင်း မြို့တွေမှာလည်း ဆန္ဒပြကျောင်းသားတွေက ကျောက်ခဲများဖြင့် ပစ်ပေါက်ပြီး ကားတာယာတွေကို မီးရှိုခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

COVID-19 ကပ်ရောဂါ ဂယက်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးကို ပြန်မြှင့်တင်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အလုပ်အကိုင်ဆိုင်ရာ ဥပဒေသစ် ရေးဆွဲစေခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် စီစဥ်ခဲ့ပါတယ်။ သို့သော် ထင်ရှားတဲ့ တက္ကသိုလ်များမှ ပညာရှင်တွေက ထိုဥပဒေသစ်အပေါ် စိတ်ပျက်မိကြောင်းနဲ့ ပြဿနာရှိတဲ့ ဥပဒေဖြစ်ပြီး အခြေခံဥပဒေနဲ့ ညီညွတ်မှုရှိ မရှိ ပြန်လည်သုံးသပ်မှု ဖြစ်လာနိုင်ကြောင်း ပြောကြပါတယ်။

ပြည်သူတွေ လိုအပ်နေကြောင်း သိသာထင်ရှားတဲ့ ဥပဒေတွေ အပါအဝင် ဥပဒေအတည်ပြုရာမှာ ပုံမှန်အားဖြင့် နှေးကွေးလေ့ရှိတဲ့ အင်ဒိုနီးရှားလွှတ်တော်က ယခု အလုပ်အကိုင်ဆိုင်ရာ ဥပဒေကို မြန်မြန်ဆန်ဆန် အတည်ပြုလိုက်ခြင်းက လူတိုင်းကို အံ့အားသင့်စေခဲ့ကြောင်း ဘန်ဒေါင်းမြို့ရှိ Padjajaran တက္ကသိုလ်မှ Susi Dwi Harijanti က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်မစ်အဖွဲ့အစည်း Nahdlatul Ulama ကလည်း အလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုမှုရှိလာခဲ့ပါတယ်။ ထိုအဖွဲ့အစည်းရဲ့ခေါင်းဆောင် KH Said Aqil Siroj က ဥပဒေသစ်ဟာ အရင်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းများကိုသာ အကျိုးရှိစေပြီး သာမန်ပြည်သူတွေကို ဖိနှိပ်ထားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က