လက်ရှိကိုဗစ်-၁၉ ကာလ မဲဆွယ်စည်းရုံးရေးလုပ်ကိုင်ခွင့်တွေမှာ နိုင်ငံရေးပါတီတွေ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေအကြား အခွင့်အရေးကွာဟမှုတွေရှိနေတဲ့အတွက် ၂၀၂၀ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကို သံသယဝင်တယ်လို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေက ဝေဖန်နေကြပါတယ်။
လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးက ကိုဗစ်ကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ နိုင်ငံရေးပါတီတွေ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေအကြား မမျှတမှုတွေကို တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ဖို့ စီစဉ်နေတယ်လို့ Duwun ကို ပြောပါတယ် ။
" မဲဆွယ်စည်းရုံးရေးမပြုရတဲ့ Stay at Home မြို့နယ်တွေကို ပုဒ်မ၃၉၉(င)နဲ့အညီ ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့တောင်းဆိုပါမယ် ။ ဒါက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မယ့်အပိုင်းပေါ့။ဒီမြို့နယ်တွေမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်နေတဲ့အတွက် တစ်ဖက်မှာလည်း ကျန်းမာရေးဘက်ကထုတ်ပြန်ထားတဲ့စည်းကမ်းတွေက မဲဆွယ်စည်းရုံးခွင့်လည်းမရှိဘူး။မြို့နယ်ကလည်း Stay at Home ကြေညာထားတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်တယ်။ကျွန်တော်တို့က ဥပဒေအရ ဒါကိုတင်တယ် ။ ဒါကို ကိုဗစ်အခြေအနေအရ ခွင့်မပြုချင်ဘူးဆိုပြီး နှုတ်နဲ့ပြောထားတာရှိတယ် တာဝန်ရှိတဲ့အဖွဲ့အစည်းက ။ တစ်ဖက်မှာလည်း တစ်ပြည်လုံးမှာ လူတွေသောင်းနဲ့ချီ ထောက်ခံပွဲတွေလုပ်နေကြတယ်။အဲဒါတွေကလည်း ဥပဒေနဲ့ညီသလားဆိုတာပဲ ။ လက်ရှိတရားဥပဒေစိုးမိုးရေးက ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကိုယ်တိုင်ရော တရားဥပဒေစိုးမိုးရေးလက်တွေ့ရှိသလား။ နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တွေကြားမှာ အခွင့်အလမ်းတွေက အဲ့လောက်ကွာပါတယ်။လက်တွေ့မှာ အခွင့်အရေးတွေက အများကြီးကွာခြားတယ် ။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သံသယဝင်မိပါတယ် " လို့ လှိုင်သာယာမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးက Duwun ကို ပြောပါတယ် ။
ဓာတ်ပုံ- U Htay Adcocated & People Politics Page
တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုယ်စားလှယ်လောင်းအတည်ပြုချက် ကြေညာပြီးတဲ့နောက်မှ ပါတီဆိုင်းဘုတ်ထောင်ခြင်း ၊ မိတ်ဆက်ခြင်းတွေ စတင်ရတာဖြစ်လို့ နိုင်ငံရေးပါတီတွေထက် ပြည်သူလူထုကြားရောက်ရှိချိန် နောက်ကျတယ်လို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒါကြောင့် မဲဆွယ်စည်းရုံးရေးစတင်မယ့်ကာလမှာ Stay at Home ကြေညာချက်ထွက်ရှိလာတဲ့အတွက် အခုချိန်ထိ ပြည်သူလူထုဆီ မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းကို လုံး၀ မစရသေးဘူးလို့ ကော့မှူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက Duwun ကို ပြောပါတယ်။
"ကျွန်မတို့ မဲဆွယ်စည်းရုံးလို့ကို မရသေးတာပါရှင့် ။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေဆိုတော့ နာမည်စာရင်းကြေညာမှပဲ ကျွန်မတို့ရဲ့ ဘုတ်ထောင်ဖို့အတွက် ဒီဇိုင်းတွေ ပြင်ရတာတွေ ၊ လက်ကမ်းစာစောင်အတွက်ပြင်ရတာတွေက ဆောင်ရွက်ရတာပေါ့နော် ။ အခုက ဆိုင်းဘုတ်ကလေးတွေပဲ လိုက်ထောင်လိုက်ရသေးတယ် ။ အဲဒီကာလမှာပဲ Stay at Home ဖြစ်တော့ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည်ရင် ပြည်သူတွေစိုးရိမ်ထိတ်လန့်ချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ မလုပ်ပါဘူး။စည်းရုံးရေးဟောပြောပွဲတွေ မလုပ်တော့ဘဲ လက်ကမ်းစာစောင်လေးတွေပဲ ဆောင်ရွက်ပါမယ်။ မဖြစ်မနေမို့လို့သာ ရွေးကောက်ပွဲနောက်မဆုတ်လို့သာ လက်ကမ်းစာစောင်ဝေရမှာ ရွေးကောက်ပွဲသာနောက်ဆုတ်မယ်ဆို ဒီလိုအချိန်မျိုးမှာ ပြည်သူတွေကို မဲမဆွယ်ချင်ပါဘူး " လို့ ကော့မှူးမြို့နယ်(၁) ၊ တစ်သီးပုဂ္ဂလ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်ဝင်း(ခ)ဒေါ်စုစုနွေးက Duwun ကို ပြောပါတယ်။
လက်ရှိကြေညာထားတဲ့ မဲစာရင်းအရ တိုင်းရင်းသားလူမျိုးအချို့ မဲစာရင်းပါဝင်ခြင်းမရှိသလို ကိုဗစ်အခြေအနေကြောင့် မဲစာရင်းကြည့်ဖို့နဲ့ မဲစာရင်းမှာ ပါဝင်လာအောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲနေတာက တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ အတွက်လည်း အခက်တွေ့နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ရခိုင်တိုင်းရင်းသား သုံးသိန်းဝန်းကျင်ရှိနေပေမယ့် မဲစာရင်းပါဝင်သူ တစ်သိန်းကျော်ပဲရှိနေတာကြောင့် မဲဆန္ဒရှင် နှစ်သိန်းနီးပါး အခွင့်အရေးဆုံးရှုံးနေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ထူးအောင်က Duwun ကို ပြောပါတယ်။
" ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအတွက် ရခိုင်တိုင်းရင်းသားအများစုက မဲစာရင်းမှာမပါကြဘူး။အဲဒီတော့ မဲစာရင်းမှာပါဖို့ အဓိကဆောင်ရွက်ဖို့လိုနေတယ် ။ နောက်ပြီး မဲစာရင်းပါနေရင်တောင် တိုင်းရင်းသားစာရင်းမှာ မပါဘူးဖြစ်နေတယ် ။ရခိုင်အပါအဝင် တခြားမျိုးနွယ်စုတွေမှာပါ ။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီကိစ္စကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ အဓိကလိုအပ်တယ် ။ အခုအခက်အခဲ စိန်ခေါ်မှုက အဲဒါပဲ ။ ရွှေပြည်သာ ၊ လှိုင်သာယာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေရှိတဲ့နေရာတွေမှာ အဲ့လိုဖြစ်ပွားနေတာရှိတယ် ။ ဒီကိုဗစ်၁၉အတားအဆီးသာမရှိရင် ကျွန်တော်တို့မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ဆောင်ရွက်ထားရှိပြီးဖြစ်တယ် ။ ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကျွန်တော်တို့ဆောင်ရွက်ခွင့်မရဘူး။ဒီလိုကိစ္စတွေအပြင် ဥပဒေဆိုင်ရာတရားမျှတမှုမရှိတဲ့ ကိစ္စတွေလည်းဖြစ်နေတယ် ။ ၁၄ရက်အထိမဲစာရင်းကို သွားစစ်နိုင်တယ် မဲစာရင်းပါဖို့အတွက် ပုံစံ၃-က နဲ့ ၁၄ရက်နေ့အထိ ဆောင်ရွက်နိုင်တယ်လို့ကြေညာပြီးခါမှ ၁၀ရက်နေ့အထိပဲလို့ လုပ်လို့ရမယ်ဆိုတာ ဘယ်လိုမှ တရားမျှတတဲ့ကိစ္စမျိုးမဟုတ်ဘူး ။ ဘယ်ကိုယ်စားလှယ်လောင်းမှလည်း ကျေနပ်မှာမဟုတ်ဘူး။ဒီကိစ္စတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကိုသွားဖို့ အတားအဆီးတွေဖြစ်နေတယ် "
လို့ ရန်ကုန်တိုင်းဒေသကြီး ၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ထူးအောင်က Duwun ကို ပြောပါတယ်။
လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လွှတ်တော်အသီးသီးအတွက် နိုင်ငံရေးပါတီပေါင်း (၉၂)ခုကနေ ကိုယ်စားလှယ်လောင်း (၆၆၈၉)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၂၈၀)ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောကြားချက်အရ သိရပါတယ် ။
Share