ကိုပေါက်ကတော့ သူ့ရဲ့ နာမည်ကိုသုံးပြီး ပရဟိတလုပ်သယောင်ယောင် အလှူလိုက်ခံနေကြတာတွေရှိတဲ့အကြောင်း ပြောလာပါတယ်။
Photo: Ko Pauk
ဒါရိုက်တာ ကိုပေါက်ကတော့ ကိုဗစ်ကာလမှာ သူ့ရဲ့ နာမည်ကိုပြောပြီး အလှူလိုက်ခံနေတာတွေရှိနေတယ်လို့ ဆိုလာပါတယ်။ ဒါကြောင့် သူချစ်ခင်ရတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေ အလိမ်မခံရအောင် ကိုပေါက်က အခုလို ဖြေရှင်းခဲ့ပါတယ်။
" ကိုပေါက် အလှူမခံပါ။ ကိုပေါက်နာမည်နဲ့ဘာပရဟိတအသင်းမှလည်းထောင် မထားပါဘူး။
အကြောင်းအရာအပြည့်အစုံကတော့ ကျွန်တော့်နာမည်ကိုပြောပြီး ဒါရိုက်တာကိုပေါက် ရဲ့အဖွဲ့ကဆိုပြီး ပရဟိတ လုပ်ဖို့ အလှူလိုက်ခံနေတယ်လို့ကြားပါတယ်။ အလှူခံပြီး ပြန်လှူနေတယ်လို့ ကောလဟာလတွေဖြစ်နေ တဲ့အတွက် ကျွန်တော့်ဆီကိုဖုန်းဆက်ပြီးပိုက်ဆံချေးတာတွေ၊ အလှူခံတာတွေ ဒီရက်ပိုင်း ဖြစ်နေပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၇) ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Ko Pauk ( Offical Acc & Offical Page)
ကိုပေါက်ဟာ Covid ကာလမှာ အခုလို လိမ်လည်လုပ်စားနေကြတာတွေကိုသိရလို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူကိုယ်တိုင်ကလည်း ပရဟိတအသင်းဆိုတာထက် အနုပညာလောကသားတွေထဲက ခင်မင်ရင်းနှီးသူတွေကို တတ်နိုင်သလောက် အလှူအတန်းတွေသာ လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
Photo: Ko Pauk
ကိုပေါက်က ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ သူဟာ ဒါရိုက်တာအဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့ရော၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်အနေနဲ့ပါ ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကိုပေါက်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကတော့ သော်ဝန်းကြာဖြူဆိုတဲ့ ထုတ်လုပ်ရေးပါ။ ဒီထုတ်လုပ်ရေးကနေပြီးတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ပြီး ရုံတင်ပြသခဲ့ပြီးပါပြီ။ နောက်ထပ်ဇာတ်ကားကြီးဖြစ်တဲ့ ‘’အသည်းလေးတွေပေးပါ’’ ဇာတ်ကားကိုတော့ ရိုက်ကူးခဲ့ပြီးဖြစ်ပြီး ရုံမတင်ရသေးပါဘူး။