ခိုင်နှင်းဝေကတော့ သူမကိုယ်တိုင် ဆေးကုသပေးနေတဲ့ သမီးလေး ကွယ်လွန်သွားခဲ့ပြီလို့ ဝမ်းနည်းကြေကွဲစွာ ပြောပြလာပါခဲ့ပါတယ်။
Photo: Khine Hnin Wai
ခိုင်နှင်းဝေကတော့ သူမမွေးစားထားတဲ့ ကလေးလေး တစ်ဦး ကွယ်လွန်ခဲ့လို့ အင်မတန် ဝမ်းနည်းနေရတယ်လို့ဆိုပါတယ်။ ဒီကလေးလေးဟာ မွေးရာပါ တီဘီရောဂါ၊ HIV ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။
"သမီးလေး ဆုံးသွားပါပြီရှင်။ မွေးရာပါ တီဘီရောဂါ ၊HIVရောဂါ ကြောင့် မနေ့ညက (၁၁:၂၇)မိနှစ်မှာပဲ ရန်ကင်းကလေးဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ သမီးလေး အတွက် သက်ပျောက်ဆွမ်း ကပ်ပေးပြီး ရေစက်ချ အမျှဝေပေးခဲ့ပါတယ်။ ကောင်းရာမွန်ရာ ရောက်ရှိပါစေ။ နောင် သံသရာမှာ ပြန်တွေ့ခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ မတွေ့ရပါစေနဲ့လို့ ဆုတောင်းပါတယ်။ သမီးရေ အမျှ အမျှ အမျှ" ဆိုပြီးတော့ အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Khine Hnin Wai
HIV ရောဂါ ကူးစက်ခံနေရတဲ့ (၂) လသားအရွယ် ကလေးငယ်ကို သရုပ်ဆောင် ခိုင်နှင်းဝေက စက်တင်ဘာလ (၁၀) ရက်နေ့က သာကေတ မြို့နယ်သို့ သွားရောက်ပြီး ကိုယ်တိုင် ခေါ်ယူကာ HIV လူမှုကူညီရေး အသင်း "ဆည်းဆာ ရောင်ခြည်" သို့ ပို့ဆောင် ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါကလေးငယ်ဟာ စက်တင်ဘာလ(၁၃) ရက်နေ့ တုန်းက အသားများပြာနှမ်းလာပြီး အသက်ရှုမဝတဲ့ ရောဂါလက္ခဏာကြောင့် ရန်ကင်းကလေးဆေးရုံကို အရေးပေါ်တင်ခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၁) ရက်နေ့မှာတော့ ပြန်လည်သက်သာလာခဲ့ပေမယ့် ဆက်လက် ဆေးကုသမှု ခံယူနေရာမှ အောက်တိုဘာလ(၇) ရက်နေ့ ည(၁၁) နာရီအကျော်မှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
Photo: Khine Hnin Wai
ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။