ကိုဗစ်ရောဂါကူးစက်ခံရတဲ့ ပိုးတွေ့လူနာ သံဃာတော်များအတွက် ဗဟန်းမြို့နယ်ရှိ အဘိဓမ္မ ရတနာဃရဗိမ္မာန်တော်ကြီးကို ကုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ်ပြင်ဆင်ထားပြီး သံဃာတော်များကို သီးသန့်ထားရှိကုသပေးနေပါတယ်။
အောက်တိုဘာလ (၂)ရက်နေ့ကတည်းက ပိုးတွေ့သံဃာတွေကို လက်ခံကုသပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ သံဃာအပါး (၁၄၂)ပါး ထိဆေးကုသမှုခံယူလျှက်ရှိနေပါတယ်။ ရောဂါပိုးတွေ့ရှိသူများအနက် ရဟန်းသံဃာတော်များ ပါဝင်လာကာ ပိုးတွေ့သံဃာတော်တွေကို လူပုဂ္ဂိုလ်များနဲ့အတူတူ ထားရှိကုသဖို့ကအခက်အခဲရှိတာကြောင့် အခုလို သီးသန့်ဆေးရုံထားရှိကုသပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိတော့ သံဃာအပါး(၁၄၂)ပါးကို ဆေးကုသမှုပေးနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အလွန်ဆုံး သံဃာ အပါး (၃၀၀) (၄၀၀)စာအတွက် အဆင်သင့်ပြင်ဆင်ထားတာကြောင့် နောက်ထပ်လည်း လက်ခံပြီး ကုသမှုပေးဦးမှာပါ။ ဒီမှာက ပိုးတွေ့သံဃာတွေထဲက သာမန်လူနာလောက်တွေကို ကုသပေးတာပါ။ ဒီထဲကနေပြီး ရုတ်တရက် ရောဂါလက္ခဏာ ပြင်းထန်အခြေအနေရှိလာခဲ့ရင် ကမ္ဘာဘေး ဘုရားဝန်းထဲ သံဃာဆေးရုံအဟောင်းကို ICUခန်းတွေနဲ့ပြုပြင်နေတယ်။ မနက်ဖြန်လောက်ဆိုပြီးပြီ။ ရောဂါပြင်းထန်လာတဲ့ သံဃာတွေရှိလာရင်တော့ အဲဒီကိုပို့ဆောင်မှာဖြစ်တယ်”လို့ တာဝန်ယူဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအေးလင်းက Duwun ကိုပြောပါတယ်။
ပိုးတွေ့သံဃာတော်များနဲ့ ပတ်သက်လို့ သီးသန့်ဆေးရုံ အပါအဝင် ဆေးရုံရဲ့ လိုမပ်ချက်များကိုလည်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ရန်ကုန်မှာ သံဃာအပါး (၄၃၀)ထိ ရောဂါပိုးကူးဆက်ခံထားရတာဖြစ်ပြီး အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှာလည်း သံဃာအပါး (၃၅၄)ပါးနဲ့ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ မဟာသိမ်တော်ကြီး ကျောင်းတိုက်က သံဃာအပါး (၇၆)ပါး ရောဂါပိုးကူးစက်ခံထားရတာ ဖြစ်ပါတယ်။