ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွားတွေကို ပထမဆုံးအကြိမ် ပြန်လည်လာရောက်ခွင့်ပြုမယ့် အစီအစဥ်အား စီမံခန့်ခွဲမှုကိစ္စတွေကြောင့် ရွေ့ဆိုင်းလိုက်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ယနေ့ (အောက်တိုဘာ ၈ ရက်) ပြောပါတယ်။
(Photo: Reuters)
မည်သည့်အချိန်မှာ ပြန်လည်ခွင့်ပြုမှု စတင်မယ့်အကြောင်း မသေချာသေးဘူးလို့လည်း ၎င်းကဆိုပါတယ်။ အထူးဗီဇာများ လျှောက်ထားမှုနဲ့ ခွင့်ပြုပေးမှုပါဝင်တဲ့ လုပ်ငန်းစဥ်က ပြည်ပခရီးသွား ပြန်လည်ဝင်ခွင့်ပြုမယ့် အစီအစဥ်ကို နှောင့်နှေးနေစေကြောင်း Tourism Authority of Thailand (TAT) အကြီးအကဲ Yuthasak Supasorn က Reuters သတင်းဌာနကို ပြောပါတယ်။
ယခုလအတွင်း ပြည်ပခရီးသည် ၁၀၀ ခန့် ရောက်ရှိလာမယ်လို့ ခန့်မှန်းထားခဲ့ကြောင်းလည်း Yuthasak Supasorn က ဖြည့်စွက်ပြောခဲ့ပါတယ်။ COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ထားခဲ့ရာမှ နိုင်ငံရဲ့ အရေးပါတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ တဖြည်းဖြည်း ပြန်လည်စတင်ခြင်းဖြစ်ကြောင်း TATအကြီးအကဲက စက်တင်ဘာလကုန်ပိုင်းမှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
(Photo: Reuters)
တရုတ်နိုင်ငံ ဂွမ်ဇူးပြည်နယ် (Guangzhou) မှ ခရီးသွား ၁၂၀ ခန့် လိုက်ပါလာမယ့် လေယာဥ်ဟာ ဖူးခက်ကျွန်းသို့ တိုက်ရိုက်ပျံသန်း ရောက်ရှိလာမယ်လို့ Yuthasak Supasorn က Reuters သတင်းဌာနကို စက်တင်ဘာလကုန်ပိုင်းမှာ ပြောထားခဲ့ပါတယ်။ သို့သော် ယခုအခါ ၎င်းတို့ရဲ့ ခရီးစဥ် နှောင့်နှေးကြန့်ကြာမှုရှိကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ COVID-19 ကူးစက်မှုကို ၃,၆၂၂ ဦးနဲ့ သေဆုံးသူ ၅၉ ဦးနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ဧပြီလကတည်းက ပြည်ပခရီးသွားများလာရောက်ခွင့် ပိတ်ပင်ထားခဲ့ရာ စီးပွားရေးကို သိသာစွာ ထိခိုက်နစ်နာစေခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဝင်ငွေ အရေးပါလှတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ယခုနှစ်မှာ ၈.၅ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
(Photo: Reuters)
COVID-19 ကူးစက်မှုအန္တရာယ်နည်းတဲ့ နိုင်ငံများမှ ခရီးသွားတွေကို အစိုးရက ခွင့်ပြုသွားရန် စီစဥ်ထားပါတယ်။ COVID-19 ဂယက်ကြောင့် နိုင်ငံသို့လာရောက်တဲ့ ပြည်ပခရီးသွား အရေအတွက်ဟာ ယခုနှစ်မှာ ၆.၇ သန်းသာရှိနိုင်ကြောင်း ထိုင်းအစိုးရက ခန့်မှန်ထားပြီး ၂၀၁၉ ခုနှစ်မှာတော့ ၃၉.၈ သန်း စံချိန်တင် ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဇန်နဝါရီလအတွင်း ဝူဟန်မှလာရောက်သူတစ်ဦးထံ COVID-19 ကူးစက်မှု စတင်တွေ့ခဲ့ရပြီး တရုတ်ပြည်မကြီးပြင်ပမှာ ကူးစက်မှုတွေ့ရတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။