စည်ပင်သာယာရေးကော်မတီနဲ့ အချေအတင်ညှိနှိုင်းနေရတယ်လို့ သိရပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)အနေနဲ့ လက်ရှိအချိန်ထိ ကော့မှူးမြို့နယ်မှာ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် တစ်ခုမှ တင်ခွင့်မရသေးဘူးလို့ ပါတီဥက္ကဌရဲ့ပြောကြားချက်အရ သိရပါတယ်။

ကော့မှူးမြို့နယ်မှာ UNDP ပါတီရဲ့ ဆိုင်းဘုတ်တင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပေမယ့် ကော့မှူးမြို့နယ် စည်ပင်သာယာရေးကော်မတီက ကိုဗစ်စည်းကမ်းချက်တွေနဲ့ ထောက်ပြငြင်းဆိုနေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက အခြားမြို့နယ်တွေမှာတော့ တင်ခွင့်ရနေတယ်လို့ UNDPပါတီ ဥက္ကဌ ဦးဒေးဗစ်လှမြင့်က Duwun ကိုပြောပါတယ်။



" လွန်ခဲ့တဲ့ စက်တင်ဘာ၂၄ရက်နေ့ကတည်းက စပြီး ကော့မှူးစည်ပင်မှာစာတင်ထားတယ်။တင်ထားတဲ့အကြောင်းက ပါတီကနေပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေရဲ့ အောင်နိုင်ရေးဆိုင်းဘုတ်တွေကို ဘယ်နေရာတွေမှာ တင်ခွင့်ပေးပါဆိုပြီး စာတင်ထားတယ်။အဲဒါကို အခုဆို ငါးကြိမ်ရှိပြီ သွားတာ ။တင်ခွင့်မပေးပါဘူး ။ ကိုဗစ်ပြီးမှတင်ပါဆိုပြီး ပြောတယ်။ ကိုဗစ်နဲ့တိုင်းပြီးပြောတော့ ဆိုင်းဘုတ်က အခုချိန်ထိ ကော့မှူးမြို့နယ်မှာ ကျွန်တော်တို့ရဲ့ အောင်နိုင်ရေးဆိုင်းဘုတ် တစ်ခုမှကို တင်လို့မရသေးတာပါ ခင်ဗျ။စည်ပင်သာယာကလာပြီး ကိုဗစ်ပြီးမှလုပ်ရမယ်ဆိုတာမျိုးက ကြားလည်းမကြားဖူးဘူး ။ ထုံးစံလည်းမရှိဘူး ။ ရန်ကုန်တိုင်းထဲမှာ ကျွန်တော်တို့ပါတီက ဒီရက်ထဲမှ တွံတေး ၊ အရှေ့ဒဂုံ ၊ မြောက်ဒဂုံ ၊ အင်းစိန် ၊ စော်ဘွားကြီးကုန်း စသည်ဖြင့် ဒီနေ့အထိလည်း တင်ကြတုန်း။အဲဒါကို ကော့မှူးမြို့နယ်ကျမှ တင်ခွင့်မရဘူး " လို့ ဦးဒေးဗစ်လှမြင့်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ-UNDP (တွံတေးမြို့နယ်တွင် UNDPပါတီ အောင်နိုင်ရေးဆိုင်ဘုတ်တင်ခြင်းပြုလုပ်စဉ်)

လက်ရှိအချိန်ကာလမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay at Home ကြေညာထားတဲ့အတွက် ဒီလိုဆိုင်းဘုတ်ထောင်ခြင်းနဲ့ပတ်သတ်ပြီး လူစုလူဝေးဖြစ်လာမှာကို စိုးရိမ်တယ်လို့ ကော့မှူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးစီးမှူးက Duwun ကို ပြောပါတယ်။

" ကျွန်တော်တို့က ပေးလို့ရတယ် ။ ကျန်းမာရေးဌာနရဲ့ စည်းကမ်းတွေနဲ့ ညီရင်ထောင်လို့ရပါတယ်။အဲဒီအတွက်လည်း ပြောထားပါတယ် ။ ထောင်ခွင့်ပေးဖို့ အိမ်ပြင်ထွက်လို့ရတယ် မရဘူးဆိုတာက ကျန်းမာရေးရဲ့ စည်းကမ်းအတိုင်းလိုက်နာဖို့လိုတာပေါ့။ အဲဒါကိုပဲ အဓိက ဆိုလိုတာပါ ။ တစ်ခြားပါတီတစ်ခုက ကျွန်တော်တို့ဆီမှာ ငွေမသွင်းဘဲ ထောင်နေတာ အဲဒါကို တားတာ ။ လိုက်ကြည့်ပေးတယ် ထောင်လို့ရတဲ့နေရာဆို ထောင်ခိုင်းမှာပါ ။ နောက်တစ်ခုက သူတို့ထောင်မယ်ဆို လူအင်အားတို့ အလုပ်သမားတို့ပါလာမယ်လေ ။ အဲ့လိုပါလာတာသည် Stay at Home ထုတ်ပြန်ချက်နဲ့ ဘောင်ဝင်မဝင် ကျန်းမာရေးဆီတင်ပြဖို့ ပြောထားပါတယ် ။ ကျွန်တော်တို့ ထောင်ခိုင်းလို့ ထောင်တယ်ဆိုပြီး လူအုပ်တွေဖြစ်လာမှာ စိုးရိမ်တာပါ ။ ဌာနအနေနဲ့ ထောင်တဲ့အပေါ်မှာ ဘာမှတားမြစ်တာမရှိဘူး ။ တားမြစ်လို့မရဘူး ။ ထွက်လို့ရတယ်ဆို ထွက်ထောင် ။ ထွက်လို့မရတာကိုတော့ ကျွန်တော်တို့ကို ခေါင်းစဉ်တပ်လို့မရဘူး။အဲဒီသဘောပါ ။အခု သူတို့ထဲက တစ်ယောက်ပဲထွက်ခိုင်းတယ် ။ နေရာလိုက်ပြခိုင်းတယ် ငွေသွင်းခိုင်းတယ်။ ထောင်တဲ့နေ့မှာ လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို သတင်းပို့ လူအင်အားဘယ်လောက် ၊ ခွင့်ပြုချက်တောင်းပြီး ထွက်လို့ရတယ်ဆို ထောင် " လို့ ကော့မှူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးစီးမှူးက Duwun ကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ NLDပါတီကိုယ်စားလှယ်လောင်းအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က