ကြိုတင်မဲပေးဖို့ မိမိရောက်ရှိနေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံက ပုံစံ ၁၅ ရယူရပြီး ကြိုတင်လျှောက်ထားရမှာဖြစ်ပါတယ်။

ကိုဗစ်၁၉ရောဂါနဲ့စပ်လျဉ်းတဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် မိမိမဲဆန္ဒနယ်ကို မပြန်နိုင်တဲ့သူတွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့ ရောက်ရှိနေတဲ့  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေ ပုံစံ၁၅တောင်းယူပြီး လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ဒီလိုလျှောက်ထားချက်ရရှိတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက အဆိုပါမဲဆန္ဒရှင်ရဲ့ မဲစာရင်းပါရှိတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပြီး ကြိုတင်မဲပေးနိုင်ဖို့ အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




" ကိုဗစ်ကြောင့် stay at home တို့ lockdown တို့လုပ်ထားတယ် ။ တစ်မြို့နယ်ကနေ တစ်မြို့နယ်မကူးနဲ့လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ရှိတာကိုး။ဒီတော့ ဥပမာ သူက ရန်ကုန်ရောက်နေတယ် ဇာတိက ဧရာဝတီတိုင်းပဲထား။အခု ရန်ကုန်မှာရောက်နေပြီး lockdown မိနေလို့ မပြန်နိုင်ဘူးပဲထားပါတော့။အဲဒီလိုဆို ပုံစံ ၁၅ နဲ့ တောင်းလို့ရတယ်။ အခုဆိုရင် နယ်က ဆရာဝန်တွေ ဆရာမတွေ ရာကျော်ရှိတယ် ။ သင်္ကန်းကျွန်းတို့ ၊ သုဝဏ္ဏတို့ ဧရာဝတီစင်တာတို့မှာ ရှိကြတယ်လေ ။ သူတို့ဆို သူတို့မဲဆန္ဒနယ်ကို မပြန်နိုင်တော့ဘူးလေ ။ ပြန်လို့လည်း မရဘူးလေ ။ သူတို့တွေကို ပုံစံ ၁၅နဲ့ မြို့နယ်က လျှောက်ထားပြီးတော့ သက်ဆိုင်ရာမြို့နယ်ကနေ သူတို့မဲဆန္ဒနယ်ကို လှမ်းအကြောင်းကြားပြီး အဲဒီကနေ မဲလက်မှတ်ပြန်ပို့ပြီးတော့ ကြိုတင်မဲပေးခိုင်းတဲ့ပုံစံပေါ့ အဲဒီလိုမျိုးပါ " လို့ ရန်ကုန်(အရှေ့ပိုင်းခရိုင်) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က Duwun ကို ပြောပါတယ်။

ပုံစံ ၁၅ ရယူခြင်းကို ကိုယ်တိုင်ဆောင်ရွက်နိုင်သလို ရောက်ရှိနေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီကို အခြေအနေအမျိုးမျိုးကြောင့်  ကိုယ်တိုင်မသွားရောက်နိုင်သူတွေအနေနဲ့လည်း ကိုယ်စားဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ပုံစံ၁၅နဲ့ လျှောက်ထားနိုင်တဲ့ ရက်အကန့်အသတ်ကို ဖော်ပြထားခြင်းမရှိဘဲ အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ဖော်ပြပါရှိပါတယ် ။

" အဲဒါက ဥပမာ ဆရာဝန်တွေဆိုလည်း သူတို့ team leader ရှိမှာပေါ့ ။ အဲဒီလူက သူ့ဆီမှာ ကျန်းမာရေးဝန်ထမ်း ဘယ်အရပ်ဒေသက ဘယ်နှယောက်ရှိပါတယ်ဆိုပြီး မြို့နယ်ကော်မရှင်ကို အကြောင်းကြား ၊ ပုံစံ၁၅ထုတ်ပေးလိုက်လိမ့်မယ် ။ ရရင် ကိုယ့်ပုံစံ ၁၅က အချက်အလက်တွေဖြည့် ။ အဲဒါကို မြို့နယ်က စုပြီး မြစ်ကြီးနားဆို မြစ်ကြီးနား ပဲခူးဆိုပဲခူးဆို ကျွန်တော်တို့က အကြောင်းကြားပေးမှာ ။ သူတို့က ရက်ကန့်သတ်ချက်တော့ မပါဘူး ။ အထူးကိစ္စရပ်လို့တော့ ရေးထားတယ် ။ အထူးသဖြင့်က ကျွန်တော်တို့က စာတိုက်လမ်းကြောင်းနဲ့သွားတာကိုး ။ နီးရင်က ရန်ကုန်ကနေ ပဲခူးလောက်ကို လှမ်းတောင်းတာက စာတိုက်ကနေ မကြာဘူးဆိုရင်က နှစ်ရက်သုံးရက်နဲ့ ရောက်မှာပေါ့ ။ မြစ်ကြီးနားတို့ တောင်ကြီးတို့လိုနေရာမျိုးကို လှမ်းတောင်းပေးရမယ်ဆိုရင်တော့ တစ်ပတ်လောက်တော့ သွားလိမ့်မယ်လို့ထင်တယ် ။ ဒီကနေ fax တို့ email တို့လှမ်းပို့ပြီးတောင်းရတာက အကြောင်းမဟုတ်ဘူး ။ ဟိုဘက်က ကြိုတင်မဲလက်မှတ်တွေကို စာတိုက်လမ်းကြောင်းကနေ ပြန်ပို့ရမယ်ဆိုရင် အချိန်တော့ ယူရမှာပေါ့ " လို့ ရန်ကုန်(အရှေ့ပိုင်းခရိုင်)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က Duwun ကို ပြောပါတယ်။


ကိုဗစ်၁၉ရောဂါနဲ့စပ်လျည်းတဲ့ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေအရ မိမိမဲဆန္ဒနယ်ကို ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်တဲ့ မဲဆန္ဒနယ်ပြင်ပရောက်သူတွေအတွက် ထုတ်ပြန်ချက်ကိုတော့ ပြည်ထောင်စုရွေေးကာက်ပွဲကော်မရှင်က အောက်တိုဘာလ ၈ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က