Wolverine Watchmen ပြည်သူ့စစ်အဖွဲ့မှ အမျိုးသား ခုနစ်ဦးအပါအဝင် လူ ၁၃ ဦးကို ဖမ်းဆီးထားပါတယ်။

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး အမျိုးသမီး ဂရတ်ချန်ဝှစ်မာ (Gretchen Whitmer) ကို ပြန်ပေးဆွဲမယ့် အကြံအစည်တစ်ခုအား ဖော်ထုတ်ဟန့်တားခဲ့ကြောင်း FBI (Federal Bureau of Investigation) က ပြောပါတယ်။

(ဖမ်းဆီးထားသူများ) (Photo: Antrim County Sheriff's Office)

ဒီမိုကရက်တစ်ပါတီမှ မီချီဂန်ပြည်နယ် အုပ်ချူပ်ရေးမှူး ဂရတ်ချန်ကို ပြန်ပေးဆွဲရန် ကြံစည်မှုနဲ့ဆက်စပ်ပြီး Wolverine Watchmen ပြည်သူ့စစ်အဖွဲ့မှ အမျိုးသား ခုနစ်ဦးအပါအဝင် လူ ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့က ပြည်နယ်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ပြီး အကြမ်းဖက်ရန် ကြံစည်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ရာဇဝတ်ပြစ်မှုဆိုင်ရာ တိုင်ကြားချက်မှတ်တမ်းအရ ထိုအုပ်စုက မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ်ချန်ကို နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ပြန်ပေးဆွဲရန် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဂရတ်ချန်နဲ့ ရီပတ်ဘလစ်ကင်ပါတီမှ သမ္မတဒေါ်နယ်ထရန့်တို့ဟာ စကားအချေအတင် ပြောဆိုမှုတွေရှိခဲ့ဖူးပါတယ်။

(မီချီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရတ်ချန်) (Photo: State of Michigan)

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရတ်ချန်က COVID-19 ကူးစက်မှုထိန်းချုပ်ရေးအတွက် သူမရဲ့ပြည်နယ်မှာ lockdown အစီအမံများဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ သမ္မတထရန့်ကလည်း ဆန္ဒပြသူတွေကို အားပေးထောက်ခံပြီး ၎င်းရဲ့ Twitter မှာ "LIBERATE MICHIGAN" လို့ ထိုစဥ်က ရေးသားထားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထို့နောက် တစ်လအကြာမှာတော့ lockdown အစီအမံကို ကန့်ကွက်တဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေက မီချီဂန်ပြည်နယ် လွှတ်တော်အဆောက်အအုံကို စီးနင်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ FBI ရဲ့ အသွင်ယူထောက်လှမ်း‌‌ရေး ရင်းမြစ်တစ်ခုက မီချီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲရန်ကြံစည်တဲ့ အုပ်စုရဲ့ ဇွန်လအတွင်း အိုဟိုင်းအိုပြည်နယ် ဒပ်ဘလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

(ပြည်နယ်လွှတ်တော်ကို စီးနင်းခဲ့တဲ့ လက်နက်ကိုင် ဆန္ဒပြသူများ) (Photo: CNN)

ထိုအစည်းအဝေးမှာ မီချီဂန်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ဝင်တွေက ပြည်နယ်အစိုးရကို ဖြုတ်ချရန် ဆွေးနွေးခဲ့ကြကြောင်းနဲ့ ပြည်နယ်အစိုးရဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေခဲ့ကြောင်း ၎င်းတို့က ယုံကြည်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး ဓားစာခံများ ဖမ်းဆီးရန်အတွက် တပ်ဖွဲ့ဝင် ၂၀၀ ကို စုဆောင်းရန်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ယခု ဖမ်းဆီးထားတဲ့အဖွဲ့ဟာ လက်နက်သင်တန်းတွေကို ပြည်နယ်အချို့မှာ ပြုလုပ်ခဲ့ပြီး ဗုံးများပြုလုပ်ရန်လည်း ကြိုးပမ်းခဲ့တယ်လို့ FBI က ပြောထားပါတယ်။ 

Share

Loading Next Article...
က္က