ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးကာလတွေမှာ ကော့မှူးမြို့နယ်ကို မလာနိုင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ (၉) ရက် ညပိုင်းက ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကော့မှူးမြို့နယ် အဖွဲ့ချုပ်အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အွန်လိုင်းစကားဝိုင်းမှာ ပြောကြားခဲ့တာပါ။
မဲဆွယ်စည်းရုံးအတွက် ကော့မှူးကို ကိုယ်တိုင်မလာနိုင်တဲ့အတွက် ဝမ်းနည်းကြောင်း၊ ကော့မှူးမှာ အပြတ်အသတ်နိုင်ပြီးမှ လာခဲ့မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးက အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်တွေကတစ်ဆင့် ကော့မှူးပြည်သူတွေကို သတင်းစကားပါးခဲ့တာဖြစ်ပါတယ်။
“ စည်းမျဉ်းစည်းကမ်းတွေ အရ မလာနိုင်တာဖြစ်ပါတယ်။ အန်တီ့ကိုယ်စားတောင်းပန်ပေးပါ။ ကော့မှူးမှာ အပြတ်အသတ်နိုင်ပြီးမှ လာခဲ့ပါမယ်။ အဲဒီအချိန်မှာလည်း ကိုဗစ်ကို အပြတ်အသတ်နိုင်တဲ့အချိန်လို့လည်း မှန်းလို့ရပါမယ်။ ဒါကြောင့် ကြိုးစားကြပါ” လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာ ကော့မှူးကို တစ်ခါမှမရောက်ခဲ့ပေမယ့် ရွေးကောက်ပွဲနေ့ကျရင်တော့ ကော့မှူးမြို့နယ်ကို ရောက်အောင်လာဖို့ စီစဉ်ထားပြီး ကိုဗစ်ရောဂါစည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လုပ်ရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့မှာ ကော့မှူးမဲဆန္ဒနယ်ကနေ နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။