၂၀၂၀ရွေးကောက်ပွဲအတွက် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးဖို့အတွက် ကိုဗစ် ၁၉ စည်းကမ်းချက်တွေကြောင့် အခက်အခဲရှိနေတယ်လို့ မြန်မာလူမှုကူညီရေးအသင်း မလေးရှား ဥက္ကဌပြောကြားချက်အရ သိရပါတယ်။
လက်ရှိ မလေးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ဖြစ်ပွားမှုကြောင့် လော့ဒေါင်းချထားတဲ့ မြို့နယ်တွေရှိနေသလို စက်ရုံ ၊ အလုပ်ရုံပိုင်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေကို အပြင်ထွက်ခွင့်မပြုတဲ့အနေအထားတွေရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေ မဲပေးဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။
"အခက်အခဲက ဘယ်လိုလဲဆိုတော့ မလေးရှားနိုင်ငံရဲ့ ကပ်ရောဂါက အချို့နေရာတွေမှာ ဆိုးနေတယ်။ဆိုးဝါးနေတော့ အပြင်ထွက်ပြီးရင် သူဌေးတွေက အလုပ်သမားတွေကို ပြန်လာရင် ကွာရန်တင်းဝင်တာလုပ်ရမယ် ၊ တချို့ကျ အပြင်ကို လုံးဝကို ပေးမထွက်ဘူး ။ သံရုံးက သွားပြောတာတောင် မရဘူး ။ မဲပေးမယ့် ၆၂၀၀ကျော်ကို မဲပေးဖို့လိုက်စည်းရုံးပြောတာတောင် တချို့စက်ရုံတွေက အပြင်ပေးမထွက်ဘူး။ ဒီတော့ မဲပေးပိုင်ခွင့်ရှိတဲ့ ၆၂၀၀ကျော်က အကုန်လုံးလာနိုင်မယ်မထင်ဘူး " လို့ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ဥက္ကဌ ဦးစန်းဝင်းက Duwun ကို ပြောပါတယ်။
ဓာတ်ပုံ-မြန်မာသံရုံး ကွာလာလမ်ပူ (ကြိုတင်မဲပေးနေကြသည့် မြန်မာနိုင်ငံသားများ)
ပထမဆုံး မဲစတင်ပေးရတဲ့ ပထမနေ့ဖြစ်နေတဲ့ ယနေ့ (အောက်တိုဘာလ ၉ ရက်) နေ့ နေ့လယ် ၃ နာရီအချိန်အထိ ကြိုတင်မဲလာရောက်ပေးသူ ၁,၄၅၁ ဦးရှိတယ်တို့ သိရပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ ကွာလာလမ်ပူမြို့က မြန်မာနိုင်ငံသံရုံးမှာ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ မဲပေးနိုင်ပြီး ကွာလာလမ်ပူမြို့ပြင်ကနေ မော်တော်ယာဉ်တွေနဲ့ စုပေါင်းလာရောက်ကြမယ့်သူတွေကိုတော့ ဆန္ဒမဲပေးရာမှာ အဆင်ပြေချောမွေ့စေဖို့ အောက်တိုဘာလ ၁၀ရက် (စနေနေ့) နဲ့ ၁၁ရက် (တနင်္ဂနွေ)နေ့ မနက်ပိုင်းတွေမှာ လာရောက်ကြဖို့ အကျိုးဆောင်အဖွဲ့တွေနဲ့ ညှိနှိုင်းထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ ၁၄,၀၀၀ ကျော်် ရှိနေပြီး သေဆုံးသူက ၁၄၅ ဦးရှိကာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူနာသစ်တွေ့ရှိမှုက ၃၇၅ ဦးရှိတယ်လို့ အာဆီယံနိုင်ငံအတွင်း ကိုဗစ် ၁၉ အခြေအနေစောင့်ကြည့်တင်ပြတဲ့ CSIS ရဲ့ အချက်အလက်များအရ သိရပါတယ်။