ဆေးရုံတိုင်းမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်လူနာတွေထဲက ရောဂါပြင်းထန်တဲ့သူတွေရှိနေတာကြောင့် ဆေးရုံတွေမှာ အောက်ဆီဂျင် ပိုက်လိုင်းတွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ကျန်းမာရေးတာဝန်ရှိသူတွေ အပါအဝင် အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံတွေနဲ့ ဒီနေ့မှာပဲ စာချုပ်ချုပ်ဆိုမှုတွေလုပ်ဆောင်နေပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwunကိုပြောပါတယ်။
“ ဆေးရုံတိုင်းမှာ ကိုဗစ် ပိုးတွေ့လူနာတွေထဲက ရောဂါဝေဒနာ ဆိုးရွားတဲ့ သူတွေရှိတော့ အောက်ဆီဂျင်လိုပါတယ်။ လိုအပ်တဲ့အခါမှာ အောက်ဆီဂျင် ပေးနိုင်ဖို့ အတွက် အောက်ဆီဂျင်ထုတ်တဲ့ စက်ရုံတွေနဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ပြီးပါပြီ။ ဆေးရုံတွေမှာ အောက်ဆီဂျင် လိုအပ်တဲ့ပမာဏအတိုင်းရရှိစေဖို့ အောက်ဆီဂျင် ပိုက်လိုင်း တပ်ဆင်ခြင်းတွေကိုလည်းဆောင်ရွက်နေတဲ့အတွက် မကြာခင် ဆေးရုံတိုင်းမှာ ကိုဗစ်ပြင်းထန်လူနာတွေအတွက် အသုံးပြုလို့ရတော့မှာပါ”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ကိုဗစ်ပြင်းထန်လူနာတွေနေ့စဉ်များပြားလာတဲ့အတွက် ဆေးရုံတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးဦးဆောင်တဲ့ ကိုဗစ်မြေပြင်အခြေအနေသုံးသပ်အစည်းအဝေးမှာ မနေ့က ဆွေးနွေးခဲ့ကြတာပါ။ ဝန်ကြီးက အောက်ဆီဂျင်ပိုက်လိုင်းတွေတပ်ဆင်နိုင်ဖို့အတွက် ကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးထားတယ်လို့ အသိပေးခဲ့ပါတယ်။
သေဆုံးလူနာနဲ့ပြင်းထန်လက္ခဏာရှိတဲ့လူနာအများစုက ရောဂါအခံရှိသူတွေဖြစ်တယ်လို့သိရပြီး ကိုဗစ်ရောဂါ လက္ခဏာပြသခြင်းမရှိတဲ့လူနာတွေမှာတော့ အသက်အန္တရာယ်မရှိသလို ကုသမှုအပိုင်းမှာလည်း အရေးပေါ်အခြေအနေမှာမရှိဘူးလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါကြောင့်သေဆုံးသူအများစုက အသက် ၆၀အထက် ရောဂါအခံရှိသူတွေဖြစ်ပြီး ကိုဗစ်ဒုတိယလှိုင်းကူးစက်ခံနေရချိန်မှာတော့ အသက် ၃၀နဲ့ ၄၀အကြားလူလတ်ပိုင်းအဖြစ် အသက် ၂၀ဝန်းကျင်လူငယ်အချို့နဲ့ အသက် ၁၂နှစ်အောင် ကလေးငယ်အချို့လည်း ကိုဗစ်ကြောင့်သေဆုံးမှုရှိနေတာကို သတင်းအချက်အလက်တွေအရသိရပါတယ်။