ပဲခူးတိုင်းဒေသကြီးမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ်အရေအတွက် ၄ သိန်းကျော် ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ကနေ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးမှာ မဲပေးခွင့် ရှိတဲ့ စုစုပေါင်း အရေအတွက်ဟာ ၃.၈ သန်းကျော်ရှိတာဖြစ်ပြီး အဲ့ဒီထဲမှာမှ ၄၄၀,၀၀၀ ကျော်ဟာ လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးခွင့် ရရှိသူတွေဖြစ်ပါတယ်။
"မဲစာရင်းတွေ ထုတ်ပြန်ကြေညာထားတယ်။ ခုနှစ်က ကိုဗစ် သတ်မှတ်ချက်တွေနဲ့အညီ မဲပေးရမှာဖြစ်တာကြောင့် မဲပေးချိန်အတွင်း မဲရုံမှာပေးရမယ့်အရေအတွက် အားလုံးပေးနိုင်အောင်စီစဉ်ထားပါတယ်။ မဲရုံအရေအတွက်တိုးထားတယ် " လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။
တိုင်းအတွင်း ပထမအကြိမ် မဲပေးခွင့်ရရှိမယ့် အသက် ၁၈ နှစ်ပြည့်လူငယ်တချို့ကတော့ ရွေးကောက်ပွဲအေပါ် စိတ်ဝင်စားမှုမရှိကြောင်းနဲ့ မဲပေးဖြစ် ၊ မပေးဖြစ် ဆိုတဲ့အပေါ်လည်း မသေချာဘူးလို့ မဲဆန္ဒရှင်တွေကဆိုပါတယ်။
" ၁၈ နှစ်ပြည့်ရင် မဲပေးရမယ်ဆိုတာ သတင်းတွေ ကို အင်တာနက်မှ တော့တွေ့ပါတယ်။ အစ်မကလည်း ပြောပြတယ်။ ဒါပေမယ့် ညီမတို့ရွာမှာက မဲပေးတာနဲ့ ပတ်သက်ပြီး လိုက်အသိပေးတာလည်း မရှိဘူး၊ မဲစာရင်းကြည့်လို့ရပြီလို့ ပြောတာလည်းမကြားမိဘူး။ ခုနှစ်မှ မဲစပေးခွင့်ရမှာဖြစ်လို့ ဘယ်လိုပုံစံမဲပေးရမယ်ဆိုတာတောင် မသိပါဘူး။ နောက်ပြီး အခုက ရောဂါတွေလည်းဖြစ်နေတော့ မဲကပေးဖြစ်ပါ့မလားတောင် မသိဘူး။အိမ်က ဖေဖေနဲ့မေမေကလည်း ဘာမှမပြောသေးဘူး"လို့ ပြည်မြို့နယ်က ပထမအကြိမ်မဲပေးခွင့်ရမယ့် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်းမှာ မဲရုံပေါင်း ၄၁၄၅ ရုံပြင်ဆင်ထားရှိဖို့ လျာထားကြောင်း၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်း အတွင်း ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၅ သိန်း ရှိခဲ့ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။