လူဦးရေများတဲ့မြို့နယ်တွေကအသက် (၆၀) ကျော် ပြည်သူတွေလည်း ကြိုတင်မဲပေးနိုင်အောင်စီစဉ်‌နေပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားမှုနေတာကြောင့် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာနေထိုင်တဲ့ အသက် (၆၀) ကျော်သူတွေ ကြိုတင်မဲပေးနိုင်မယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာ (၉) ရက်မှာ ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာပါ။



Stay at Home မြို့နယ်မှာဆိုရင် အသက် (၆၀) ကျော်သူတွေအားလုံးဟာ ကြိုတင်မဲပေးနိုင်မှာဖြစ်တာကြောင့် ကျန်းမာရေးအရလည်း (၆၀) ကျော်ပြည်သူတွေအတွက် ပိုပြီး စိတ်ချရမှာဖြစ်သလို ရွေးကောက်ပွဲနေ့မှာလည်းမဲလာပေးမယ့်သူအရေအတွက် လျော့နည်းသွားမှာဖြစ်တာကြောင့် ကိုဗစ်စည်းကမ်းနဲ့ အညီ မဲပေးနိုင်ဖို့ လုပ်ဆောင်ရတာ ပိုပြီး လွယ်ကူလာလိမ့်မယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ဆိုပါတယ်။

“ (၆၀) ကျော်တွေဆိုတော့ ကျွန်မလည်း အိမ်က ကြိုတင်မဲပေးလို့ရတာပေါ့။ အသက် (၆၀) ကျော်တွေဆိုတာ အသက်ကြီးလာတာနဲ့အမျှ ကိုဗစ်ရောဂါရရင် နည်းနည်းပိုပြီး စိုးရိမ်ရပါတယ်။ ဒီလိုစိုးရိမ်ရတဲ့အတွက် လုံခြုံအောင် ကြိုတင်မဲပေးလို့ရအောင် စပြီးဆောင်ရွက်မယ်။ ဒီလိုကြိုတင်မဲကြောင့် ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်သူ အရေအတွက်လည်း ကျဆင်းသွားမယ်။ ၆ ပေအကွာဖြစ်အောင်၊ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှုနည်းအောင် ပိုပြီးလုပ်နိုင်တော့မှာဖြစ်တဲ့အတွက် အားလုံးလုံခြုံမှာဖြစ်ပါတယ်” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

Stay at Home မြို့နယ်တွေအပြင် လူဦးရေ များပြားတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ အသက် (၆၀) ကျော် ပြည်သူတွေလည်း ကြိုတင်မဲပေးနိုင်အောင်စီစဉ်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အတိုင်ပင်ခံက ဆက်လက်ပြောပါတယ်။ (၂၀၂၀) ရွေးကောက်ပွဲအတွက် မဲလာပေးရာမှာ ပြည်သူများစိတ်လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီး မဲပေးမယ့်နေ့အတွက် သရုပ်ပြ ကြိုတင်လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်နေပါတယ်။ 

ပထမဆုံးအကြိမ်အဖြစ် မဲပေးသရုပ်ပြလေ့ကျင့်မှုတွေကိုတော့ အောက်တိုဘာလ (၆) ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ သရုပ်ပြလေ့ကျင်မှု သုံးကြိမ်ပြုလုပ်ဖို့စီစဉ်ထားတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က