ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေနဲ့ ဂရုပြုနေထိုင်အောင်ရည်ရွယ်ပြီး တစ်ပတ်မှာ တစ်ကြိမ်အဖြစ် ကိုဗစ်ပျောက်ကင်းတဲ့ လူနာတွေနဲ့ ပြည်သူတွေ အမေးအဖြေ ဆွေးနွေးပွဲကို ရုပ်သံလိုင်းကနေ တင်ဆက်သွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး အစီရင်ခံစာတင်ပြချက်မှာ ထည့်သွင်းပြောကြားခဲ့ကာ ဒီဆွေးနွေးပွဲမှာ တော့ ပြည်သူတွေကို ကိုဗစ်ရောဂါပျောက်ကင်းလူနာတွေရဲ့ အတွေ့အကြုံတွေပြန်လည်မျှဝေစေလိုတဲ့အနေနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ အသက် (၆၆)နှစ်အရွယ် ကိုဗစ်ပျောက်ကင်းလူနာနဲ့ စကားပြောဆွေးနွေးကြည့်တဲ့အခါမှာ ကျွန်မက ရောဂါဖြစ်တဲ့အခါမှာ ဘယ်လိုရင်ဆိုင်ခဲ့လဲမေးလိုက်တော့ ကိုယ့်ဘာသာပဲလုပ်ယူတယ်ဆိုပြီး သူကပြောတယ်။ ဆိုလိုတာက ဒီရောဂါဖြစ်ပြီဆိုရင် စိတ်ထားတက်ဖို့ နေတက်ဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတာပါ။ ဒီအဖြေစိတ်ဝင်စားတဲ့ အနေနဲ့ အခုပြည်သူလူထုကို ကိုဗစ်နဲ့ပတ်သက်လို့ ဆရာဝန်တွေ သမားတော်ကြီးတွေနဲ့ အမေးအဖြေကဏ္ဍကို တစ်ပတ်မှာ (၃)ကြိမ်လုပ်ပါတယ်။ အခုအဲဒီ (၃)ကြိမ်မှာ တစ်ကြိမ်မှာ ပြည်သူနဲ့ ကိုဗစ်ပျောက်ကင်းလူနာတွေနဲ့အမေးအဖြေလုပ်မယ်။ ဒါကဘာလို့လဲဆို သူတို့ ရင်ဆိုင်ခဲ့ရတာတွေ၊ ဘယ်လို ကျော်လွှားခဲ့ရလဲဆိုတာတွေကို ပြည်သူတွေသိအောင်ပါ”လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။
ကိုဗစ်လူနာတွေရင်ဆိုင်ဖြတ်သန်းခဲ့ရတာကို ပြည်သူတွေသိရင် ကိုယ်တိုင်ကူးစက်ခံခဲ့ရရင်တောင် စိုးရိမ်မှုတွေ မလွန်အောင် အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပိုးတွေ့ရှိမှု (၇၀)%လောက် ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုလူနာတွေကနေတစ်ဆင့် ကူးစက်မှုက အများဆုံးဖြစ်နေပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်မလွန်ကဲဖို့ ကိုလည်း အတိုင်ပင်ခံက အားပေးစကားဆိုပါတယ်။ ရောဂါလက္ခဏာမပြဘဲတွေ့ရှိခဲ့တဲ့ လူနာတွေက ကုသမှုပိုင်းမှာစိုးရိမ်စရာမရှိသလို ရောဂါလက္ခဏာမပြတဲ့အတွက် ရောဂါဝေဒနာကို ပြင်းထန်စွာခံစားရခြင်းမရှိတာကြောင့် အသက်အန္တရာယ်လည်း မစိုးရိမ်ရဘူးလို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက သုံးသပ်ပြောကြားထားပါတယ်။