မြန်မာနိုင်ငံအတွင်းက ပြင်းထန်ကိုဗစ်လူနာတွေအတွက် အသုံးပြုနေတဲ့ ကိုဗစ်ဆေးကို ထပ်မံဝယ်ယူဖို့ အစိုးရအနေနဲ့ ဘတ်ဂျက်အကန့်အသတ်မရှိအသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ပြုလုပ်နဲ့ သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသွားတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကရောင်းနိုင်တဲ့ ပမာဏအထိကို ရသလောက် ဝယ်ယူမှာဖြစ်တယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ Remdesivir ဆေးက တန်ကြေးအားဖြင့် ထိုးဆေးတစ်လုံးကို အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်ရှိတယ်လို့လည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။
“Remdesivir ဆေးက အိန္ဒိယနိုင်ငံကလည်း ထုတ်သလို တခြားနိုင်ငံတော်တော်များများကလည်း ထုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရည်အသွေးအရဆိုရင် အာမခံချက်ရှိတဲ့ အိန္ဒိယနိုင်ငံကပဲထပ်ပြီးမှာမယ်။ သူ့မှာ ဘယ်လောက်ရောင်းနိုင်မလဲ ရောင်းနိုင်သမျှထပ်ဝယ်မယ်။ ဒါနဲ့ပတ်သက်ပြီး ဘတ်ဂျက်အကန့်အသတ်မရှိပါဘူး”လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။
လက်ရှိ ကိုဗစ်လူနာတွေကိုလည်း Remdesivir ဆေးနဲ့ ကုသမှုတွေပေးလျှက်ရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့ကမှ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းကလည်း ထိုးဆေးအလုံး (၃၀၀၀)လှူဒါန်းခဲ့ပါသေးတယ်။ Remdesivir ဆေးက COVID-19 လူနာတွေ အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေလ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားတဲ့ ဆေးဖြစ်ပါတယ်။
နိုင်ငံတွင်းက ကိုဗစ်လူနာတွေကို နိုင်ငံတကာက လှူဒါန်းတဲ့ ကာကွယ်ဆေးတွေအပါအဝင်အခြားလိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူကုသမှုတွေပေးနေသလို သွေးရည်ကြည်ကုထုံးနည်းနဲ့လည်း ကုသမှုတွေပေးနေပါတယ်။ သွေးရည်ကြည်နဲ့ ကုထုံးနည်းကလည်း အောင်မြင်မှုတွေရှိနေတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရောဂါပျောက်ကင်းသူတွေကို သွေးရည်ကြည်လှူဒါန်းရန်အတွက် တောင်းဆိုမှုလုပ်ထားပါတယ်။