ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာတွေထဲမှာအခြားလူတစ်ဦးရဲ့အကူအညီကိုမဖြစ်မနေရယူဖို့လိုအပ်ရင် လူနာကို ပြုစုဖို့မိသားစုဝင်တစ်ဦးကို ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။
အဓိကနောက်ခံရောဂါအခံရှိပြီး အသက်အရွယ်ကြီးရင့်သူဖြစ်တဲ့အပြင် မိမိရဲ့တစ်ကိုယ်ရေကိစ္စတွေကိုသွားလာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ ကူညီပေးဖို့မဖြစ်နေလိုအပ်တဲ့ ကိုဗစ်ပိုးတွေ့လူနာတွေကိုသာ ချွင်းချက်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆွေးနွေးညှိနိူင်းခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။
"တကယ့်ကို မဖြစ်မနေ အကူအညီလိုအပ်သူတွေဖြစ်ပါတယ်။ လူနာကလေဖြတ်နေတယ်၊ ဘယ်လိုမှသူကိုယ်တိုင်က ထလို့မရဘူးစားလို့သောက်လို့မရဘူး ကျင်ကြီးကျင်ငယ်သူကိုယ်တိုင်ဆောင်ရွက်ဖို့မဖြစ်နိုင်သူ ဒါမျိုးကလွဲရင် ကျန်တဲ့အကူအညီလိုတာကိုဆိုလိုတာမဟုတ်ဘူး။ အသက်ကြီးလွန်းနေတယ်၊ ကိုယ်တိုင်လုံးဝကိုမလုပ်နိုင်ဘူးဆိုရင် သက်ဆိုင်ရာအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့သူ့ကိုပြုစုဖို့မဖြစ်မနေလိုတယ်ဆိုရင်အိမ်သားတစ်ယောက်ကိုစောင့်ခိုင်းဖို့ရှိပါတယ်။ သာမန်လူနာတွေအတွက်ကတော့အိမ်သားတစ်ယောက်စောင့်ခိုင်းဖို့မဖြစ်နိုင်ပါဘူး၊ဘာ့ကြောင့်ဆိုရင် ရောဂါမကူးစက်စေချင်လို့ပါ။"လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ် ။
ဒါ့ကြောင့်အခြားလူတစ်ဦးရဲ့ အကူအညီကို အမှန်တကယ်ရယူဖို့ မဖြစ်မနေလိုအပ်သူတွေဟာ မိသားစုဝင်တစ်ဦးလိုက်ပါပြုစုခွင့်ပြုဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဆေးရုံကိုတင်ပြနိုင်ကြောင်း၊ အဖွဲ့အစည်းတွေကမှ မိသားစုဝင်တစ်ဦးကို ပြုစုခွင့်ပြုသင့်မပြုသင့်ကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်ကြောင်းသိရပါတယ်။
"လူတိုင်းကို ခွင့်မပြုပါဘူး။ ပိုးကူးခံရပြီဆိုကိုယ့်တာဝန်ကိုယ်ပဲယူရမှာဖြစ်တယ်။ ဆေးရုံတက်ရင်ကိုယ့်ကိစ္စကို ကိုယ့်ဘာသာလုပ်ရမှာပါ၊ကျွန်မတို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲလည်း့ဆောင်ရွက်ပေးတာရှိပါတယ်။ ဆေးတိုက်ဆေးကျွေးတင်မကပါဘူး၊ လိုအပ်တဲ့ကိစ္စတွေကိုဆောင်ရွက်ပေးတာရှိပါတယ်။ ဘာမှမဆောင်ရွက်ပေးတာမျိုးမဟုတ်ပါဘူး။"လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။
လက်ရှိအခြေအနေဟာ ကပ်ရောဂါဖြစ်နေတာဖြစ်လို့ ပိုးတွေ့ လူနာကို ကုသမှုပေးဖို့အတွက် ကုတင်တစ်လုံးရရှိဖို့တောင်နိုင်ငံတော်အစိုးရ ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ကြိုးစားလုပ်ဆောင်နေရတာဖြစ်လို့ အပိုလူတွေအတွက် နေရာမရှိဘူးလို့ သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။