မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးပြအခမ်းအနားကို ရှားရှားပါးပါး မနက်အစောပိုင်း ဝေလီဝေလင်းအချိန်မှာ ယနေ့ (အောက်တိုဘာ ၁၀ ရက်) ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန် တက်ရောက်ခဲ့ပါတယ်။
(Photo: AFP)
ယခု စစ်ရေးပြအခမ်းအနားကို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီတည်ထောင်မှု ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွေကို ဒုံးကျည်များနဲ့ လက်နက်အသစ်များ ထုတ်ဖော်ပြသရန် အသုံးချလေ့ရှိပါတယ်။
ယနေ့ မနက်အစောပိုင်း စစ်ရေးပြအခမ်းအနား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို အထင်အရှား မြင်တွေ့ခဲ့ရကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ယခု စစ်ရေးပြအခမ်းအနားဟာ ၂ နှစ်အတွင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး စစ်ရေးပြအခမ်းအနားဖြစ်ပြီး အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ရက်သီတင်းပတ်အနည်းငယ်မျှအလိုမှာ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: AFP)
မြောက်ကိုရီးယားက ၂၀၁၈ ခုနှစ်မှာ သမ္မတဒေါ်နယ်ထရန့်နဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုနောက်ပိုင်း ၎င်းရဲ့ စစ်ရေးပြအခမ်းအနားတွေမှာ ပဲ့ထိန်းဒုံးကျည်တွေကို ပြသခဲ့ခြင်း မရှိပါဘူး။ မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားကို ယနေ့မနက် အာရုဏ်တက်ချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မည်သည့်အတွက် ထိုသို့ အလွန်စောစီးစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း မသိရဘူးလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
စစ်ရေးပြအခမ်းအနားကို နိုင်ငံခြားသတင်းထောက်များ သတင်းရယူခွင့်မရှိခဲ့ရာ လေ့လာသုံးသပ်မှုတွေဟာ မြောက်ကိုရီးယားအစိုးရသတင်းဌာနက ထုတ်ပြန်မှုအပေါ်မှာ အားထားခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ကင်မ်ဂျုံအန်က ခဲရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကလေးငယ်များထံမှ ပန်းစည်းလက်ခံယူခဲ့တာ တွေ့ရပါတယ်။
(Photo: KCNA/AFP)
မြောက်ကိုရီးယားနိုင်ငံက မိမိကိုယ်ကိုယ်ကာကွယ်ရန်နဲ့ ရန်ပြုကိုတားဆီးရန် စစ်တပ်ကို အင်အားတောင့်တင်းခိုင်မာရေး ဆက်လက်လုပ်ဆောင်မယ်လို့ စစ်ရေးပြအခမ်းအနားမိန့်ခွန်းမှာကင်မ်ဂျုံအန်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ COVID-19 ကူးစက်မှုမရှိခြင်းအတွက် ကူးစက်မှုထိန်းချုပ်ကာကွယ်ရေး အားထုတ်လုပ်ဆောင်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ကင်မ်ဂျုံအန်က ကျေးဇူးတင်ကြောင်းဖြင့် ချီးကျူးခဲ့ပါတယ်။ "ဒီမကောင်းဆိုးဝါး ဗိုင်ရပ်စ်ကြောင့် နာမကျန်းဖြစ်မှုကို တိုက်ထုတ်နေကြတဲ့ ကမ္ဘာတစ်ဝန်းကလူတွေ ကျန်းမာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်" လို့ ကင်မ်ဂျုံအန်က ပြောခဲ့ပါသေးတယ်။
Source: Reuters, BBC