ရထား ဝင်တိုက်ခဲ့တဲ့ ဘတ်စ်ကားဟာ တိမ်းမှောက်သွားခဲ့ပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ ကုန်တင်ရထားတစ်စင်းက ခရီးတင်ဘတ်စ်ကားတစ်စီးကို ဝင်တိုက်ခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Ruamduay/Twitter)

ယနေ့ (အောက်တိုဘာ ၁၁ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီဝန်ကျင်းမှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း လူ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဘန်ကောက်အရှေ့ဘက် ၃၁ မိုင်အကွာ Chachoengsao ခရိုင်ရှိ Khlong Khwaeng ဘူတာရုံမှာ ကုန်တင်ရထားက ဘတ်စ်ကားကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မတော်တဆမှုမှာ ကူညီပေးနေတဲ့ အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။



တာဝန်ရှိသူတွေက မတော်တဆမှုဖြစ်ပွားတဲ့နေရာကို ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးရေးနဲ့ အကူအညီပေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကုန်တင်ရထားဟာ Chonburi ရှိ Laem Chabang ဘူတာရုံနဲ ဘန်ကောက်ရှိ Hua Takhe ဘူတာရုံကြား ခုတ်မောင်းလာခဲ့တယ်လို့ သိရပါတယ်။

(Photo: AP)

ခရီးသည် ၆၀ ခန့် တင်ဆောင်လာတဲ့ ဘတ်စ်ကားက Chachoengsao ရှိ Bang Pla Nak ဘုရားကျောင်းမှ Samut Prakan ခရိုင်သို့ မောင်းနှင်သွားနေခဲ့ကြောင်း ဘေးအန္တရာယ်တားဆီးရေးနဲ့ လျှော့ချရေးဌာနက ထုတ်ပြန်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး Maitree Tritilanond က မတော်တဆမှုမှာ လူ ၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ယခုဖြစ်ရပ်အတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ရထား ဝင်တိုက်ခဲ့တဲ့ ဘတ်စ်ကားဟာ တိမ်းမှောက်သွားခဲ့ပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကာ ပြန်လည်တည့်မတ်ရန် ကရိန်းတစ်ခုလိုအပ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဘေးအန္တရာယ်တားဆီးရေးနဲ့ လျှော့ချရေးဌာနက ဆိုပါတယ်

(Photo: AP)

အရှိန်လွန်မောင်းနှင်ခြင်း၊ အရက်မူးပြီးမောင်းနှင်ခြင်းနဲ့ သက်ဆိုင်ရာ ဥပဒေတွေကို လိုက်နာမှုအားနည်းခြင်းတို့နဲ့အတူ ထိုင်းနိုင်ငံရဲ့ လမ်းမတွေဟာ ယာဥ်မတော်တဆမှုကြောင့် ကမ္ဘာ့လူသေဆုံးမှု အများဆုံးစာရင်းရဲ့ ထိပ်ဆုံးပိုင်းမှာ ပုံမှန်ပါဝင်နေပြီး သေဆုံးဒဏ်ရာမှုများပြားတဲ့ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂက ထုတ်ပြန်မှုအရ ထိုင်နိုင်ငံက ယာဥ်မတော်တဆမှုကြောင့် ဒုတိယ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

(Photo: Ruamduay/Twitter)

ထိုင်းမှာ ယာဥ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသူ အများစုဟာ ဆိုင်ကယ်စီးသူတွေ ဖြစ်လေ့ရှိပေမဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်ခဲ့တဲ့ ယာဥ်မတော်တဆမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းကနေ အားလပ်ရက်ခရီးထွက်ပြီး ပြန်လာကြသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး လမ်းချော်သွားပြီး သစ်ပင်ကို ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က