သူအနေနဲ့မြို့နယ် (၂၂)မြို့နယ်မှာရှိတဲ့ ရုပ်ရှင်ရုံ (၄၂)ရုံစလုံးကို ကိုဗစ်ကာလ စီမံခန့်ခွဲရေးအတွက် တာဝန်ရှိသူများ လိုအပ်သလို အသုံးပြုနိုင်ဖို့ တိုင်ပင်ညှိနှိုင်းဆွေးနွေးကာ ကူညီပံ့ပိုးပေးသွားမယ်လို့ Duwun ကိုပြောပါတယ်။
Photo : လွင်မိုး
သရုပ်ဆောင် လွင်မိုးက သူပိုင်ဆိုင်တဲ့ Paradiso ရုပ်ရှင်ရုံများကို ကိုဗစ်ကုသရေးအတွက် လိုအပ်သလို အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။ သူအနေနဲ့မြို့နယ် (၂၂)မြို့နယ်မှာရှိတဲ့ ရုပ်ရှင်ရုံ (၄၂)ရုံစလုံးကို ကိုဗစ်ကာလ စီမံခန့်ခွဲရေးအတွက် တာဝန်ရှိသူများ လိုအပ်သလို အသုံးပြုနိုင်ဖို့ တိုင်ပင်ညှိနှိုင်းဆွေးနွေးကာ ကူညီပံ့ပိုးပေးသွားမယ်လို့ Duwun ကိုပြောပါတယ်။
“ ဦးတို့ ရုပ်ရှင်ရုံတွေကျတော့ ကိုဗစ်ကုသရေးစင်တာပုံစံမျိုးတော့ သွားလို့မရနိုင်ဘူး။ ရုပ်ရှင်ရုံတွေမှာရှိတဲ့ lobby တွေမှာ ကိုဗစ်လူနာတွေအတွက် ကူညီပေးနေတဲ့သူတွေ၊ Volunteer တွေ၊ ဆရာဝန်တွေ ၊နက်စ်တွေ နားနေဖို့အတွက် ပိုပြီး ကိုက်ညီမယ်လို့ ဦးက ထင်တယ်။
ဦးရဲ့ အဆောက်အဦး ပုံစံက ဆေးရုံ ဆေးခန်းနဲ့ မတူဘူးဆိုတော့လေ။ ဒါတွေကတော့ မြို့နယ်တွေမှာရှိတဲ့တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်သလို အသုံးပြုဖို့ ဆောင်ရွက်မှာပါ။ အခုတော့အဲ့ဒါတွေအတွက် စီစဥ်နေတုန်းပဲ ရှိသေးတယ်။ မြို့နယ်တိုင်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေရဲ့ မန်နေဂျာတွေကို ဦးကအကုန်တာဝန်ပေးတယ်။ လူကြီးတွေ စဥ်းစားထားတဲ့ဟာကို ဦးတို့ ရုပ်ရှင်ရုံမှာ ရှိတဲ့မန်နေဂျာတွေနဲ့ပူးပေါင်းဖို့ အကုန်ပြောထားတယ်”လို့ အကယ်ဒမီ လွင်မိုးက ဆိုပါတယ်။
Photo : လွင်မိုး
ဒီနေ့မှာလည်း သန်လျင်မှာရှိတဲ့ ရုပ်ရှင်ရုံများကို ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများသွားရောက်ကြည့်ရှု့ခဲ့ကြသလို ဧရာဝတီတိုင်း အစိုးရအဖွဲ့ကလည်း မအူပင်မြို့မှာရှိတဲ့ Paradiso ရုပ်ရှင်ရုံကို သွားရောက်ကြည့်ရှု့ကာ စီစဥ်ဆောင်ရွက်နေတယ်လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ အခုလို အချိန်ကာလမှာ လိုအပ်နေတဲ့နေရာတွေအားလုံးကို အစိုးရနဲ့အတူ ပြည်သူတွေက တတ်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းနေကြသလို လွင်မိုးအနေနဲ့ကလည်း သူ့မှာရှိတဲ့အရာလေးတွေကို ပြည်သူတွေအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီတဲ့သဘောပါပဲလို့ ဆိုပါတယ်။
“အားလုံးသိတဲ့အတိုင်းလိုတဲ့နေရာ လိုအပ်နေတဲ့နေရာတွေကို အကျိုးရှိဖို့ ထိရောက်ဖို့အတွက် အလှူအတန်းတွေ လုပ်ကြတဲ့အချိန်မှာ ဦးတို့အနေနဲ့ကလည်း ရုပ်ရှင်ရုံတွေရှိတယ် lobby တွေ ရှိတော့ ရုပ်ရှင်ရုံ lobby မှာ နေချင်တယ်ဆိုရင်ဦးတို့ကလည်း တက်နိုင်သလောက် ဝိုင်းဝန်းကူညီတဲ့ သဘောပါပဲ။ ကိုယ့်မှာရှိသလောက် တက်သလောက် နိုင်သလောက်ကို ဝိုင်းဝန်းကူညီတဲ့သဘောပါပဲ”လို့ သူက ပြောပါတယ်။
Photo : လွင်မိုး
Paradiso ရုပ်ရှင်ရုံများမှာ မြို့နယ်(၂၂)မြို့နယ်တွင် တည်ရှိပြီး ရုံပေါင်း (၄၂) ရုံ ရှိကာ Lobby ခန်းမကျယ်တွင် Air con ၊ရေချိုးခန်း၊ အိမ်သာ၊ လုံခြုံရေး နှင့်သန့်ရှင်းရေး၊ မီးစက် ပြည့်စုံစွာဖြင့် လူ ၃၀ ဦးခန့်အေးဆေးစွာအနားယူနိုင်ကြောင်းလည်း သိရပါတယ်။