တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၉.၃ သန်းကျော်ဟာ ကိုဗစ်လူနာအဖြစ် ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ၃၇ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ယနေ့ (အောက်တိုဘာ ၁၁ ရက်) ဖော်ပြထားတာ တွေ့ရပါတယ်။ 

(Image: Worldometers webpage screengrab)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၇ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁ သန်းကျော် (၁,၀၇၇,၅၉၄ ဦး) သေဆုံးခဲ့ပြီး ၂၈ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ၃၆ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၄ ရက်နေ့မှာ ၁,၀၅၄,၆၀၄ ဦးမှ ၃ ရက်ကျော်အတွင်း ၂၂,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AP)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၇ သန်းကျော်အနက် ၈.၂ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇.၉ သန်း ကူးစက်ခံထားရပြီး သေဆုံးသူ ၂၁၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက် ကိန်းဂဏန်းတွေအရ အမေရိကန်မှာ ၂ လအတွင်း နေ့အလိုက် ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ပြည်နယ် ၁၀ ခုရဲ့ နေ့အလိုက် ကူးစက်မှုအသစ်များ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၇ သန်းကျော်လွန်လာပြီး သေဆုံးသူဦးရေ ၁၀၈,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူကလည်း ၁၅၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ ဗြိတိန်မှာ ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်နေပြီး စပိန်မှာတော့ မက်ဒရစ်မြို့ကို ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ ကိန်းဂဏန်းတွေအရ ဥရောပမှာ နေ့အလိုက် ကူးစက်မှု ၁၀၀,၀၀၀ ကျော် တိုးလာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

COVID-19 ကူးစက်မှုတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ ထိုအတောအတွင်း ကမ္ဘာတစ်ဝန်း လူ ၁၀ ဦးမှာ တစ်ဦးက ကူးစက်ခံထားရနိုင်ကြောင်း ယခုလအတွင်း ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ခေါင်းဆောင်များ အထူးအစည်းအဝေးမှာ WHO မှ အရေးပေါ်အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမိုက်ရိုင်ယန်က ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အဆိုပါ အထူးအစည်းအဝေး အပိတ်မိန့်ခွန်း ပြောကြားမှုအတွင်း ယခုနှစ်ကုန်မှာ COVID-19 ရောဂါကာကွယ်ဆေးတစ်ခု အဆင့်သင့်ဖြစ်နိုင်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။ သို့သော် အသေးစိတ်ကိုတော့ ၎င်းက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၆,၀၆၄ ဦး၊ သေဆုံးသူ ၅၈၉ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၇,၀၅၀ ဦးနဲ့ ကုသနေရဆဲ ၁၈,၄၁၆ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က