Tours မြို့အရှေ့တောင်ပိုင်း ကောင်းကင်ယံမှာ အပေါ့စား လေယာဥ်ငယ်နှစ်စီး တိုက်မိခဲ့ကြပါတယ်။

ပြင်သစ်အလယ်ပိုင်းမှာ လေယာဥ်ငယ်နှစ်စီး ပျံသန်းနေစဥ် တိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Getty Images)

စနေနေ့ (အောက်တိုဘာ ၁၀ ရက်) ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်က Tours မြို့အရှေ့တောင်ပိုင်း ကောင်းကင်ယံမှာ အပေါ့စား လေယာဥ်ငယ်နှစ်စီး တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။ မီးသတ်သမားများ အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လေယာဥ်နှစ်စီး ပျက်ကျခဲ့တဲ့နေရာမှာ လုပ်ငန်းဆောင်ရွက်နေခဲ့ပြီး ထိုနေရာတစ်ဝိုက် အသွားအလာ ပိတ်ပင်ထားခဲ့ပါတယ်။



လေယာဥ်ပျက်ကျမှုကြောင့် မြေပြင်မှာရှိနေသူတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ လေယာဥ်နှစ်စီးအနက် ပိုမိုငေးငယ်ပြီး လူနှစ်ဦး လိုက်ပါလာတဲ့ microlight လေယာဥ်က Tours မြို့အရှေ့တောင်ဘက် ၂၉ မိုင်အကွာ Loches မြို့ရှိ နေအိမ်တစ်အိမ်ရဲ့ ခြံစည်းရိုးပေါ်သို့ ပျက်ကျခဲ့ပါတယ်။

(Photo: AFP via Getty Images)

မျက်မြင်တွေ့ရှိသူက AFP သတင်းဌာနကို ပြောကြားမှုအရ အဆိုပါ လေယာဥ်ဟာ နေအိမ်ရဲ့ လျှပ်စစ်မီတာပုံးပေါ်ကို ပျက်ကျခဲ့ပြီးနောက် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။ ပိုမိုကြီးတဲ့ Diamond DA40 အမျိုးအစား လေယာဥ်ကတော့ ပထမလေယာဥ်ပျက်ကျရာနေရာမှ ၃၂၈ ပေအကွာ လူမနေတဲ့ နေရာတစ်ခုသို့ ပျက်ကျခဲ့ပြီး ထိုလေယာဥ်ပေါ်မှာ ခရီးသည်သုံးဦး လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။

"လေယာဥ်နှစ်စီးတိုက်ပြီး ပျက်ကျခဲ့မှုမှာ လူငါးယောက်လုံး သေဆုံးခဲ့ပါတယ်" လို့ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ Nadia Seghier က AFP ကို ပြောပါတယ်။ ယခုဖြစ်ရပ်အတွင်း သေဆုံးခဲ့သူတွေရဲ့ အချက်အလက်တွေနဲ့ လေယာဥ်နှစ်စီး တိုက်မိရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

(Photo: AFP via Getty Images)

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ လေယာဥ်ငယ်အချင်းချင်း ပျံသန်းနေစဥ် တိုက်မိမှုဟာ ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာ ထိုသို့တိုက်မိပြီး လူသေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု Brittany နယ်မြေကမ်းလွန် Quiberon ပင်လယ်အော် ကောင်းကင်ယံမှာ ၁၉၉၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ထိုစဥ်က Beechcraft 19000D လေယာဥ်နဲ့ အပေါ့စား လေယာဥ်ငယ်တစ်စီး တိုက်မိခဲ့ခြင်းဖြစ်ပြီး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က