Asia Song Festival 2020 ဖျော်ဖြေပွဲမှာ ပါဝင် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

Asia Song Festival 2020 ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့တဲ့ Project K အဖွဲ့ဟာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံရိပ်ကို နင်းပြီး ကပြဖျော်ဖြေခဲ့တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ 

Photo: Asia Song Festival 2020



အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ပါဝင်ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်းပြီး ဖျော်ဖြေတင်ဆက်ထားမှုအပေါ် လူမှုကွန်ယက်စာမျက်နှာပေါ်က ဗုဒ္ဓဘာသာဝင် ပရိသတ်တွေအနေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။  

ဒီလို ပြင်းထန်စွာ ဝေဖန်မှုတွေ ခံလာရတဲ့အပေါ် Project K အဖွဲ့သားတွေက အကောင်းဆုံးဖြစ်ဖို့ကိုသာ အားစိုက်ကြိုးစားနေရတာ ဖြစ်တဲ့အတွက် အောက်ခြေ LED မှာ ဘယ်လို ပုံရိပ်တွေ ထိုးခဲ့မှန်းတောင် သတိမထားမိခဲ့တဲ့ အကြောင်း ပြန်ဖြေရှင်းလာခဲ့ပါတယ်။ 

" ကျွန်တော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျ။ မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ခေါက်လုပ်ရပါတယ်။ အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ ( တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ )LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲစီစဉ်တာပါ။ ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေပါလာတာပါ။အောက်မှာ LED လင်းနေမှန်းတော့သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်းသေသေချာချာမသိခဲ့ပါဘူး။ (Rehearsal က နေ့ခင်းမှာလုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးကရိုက်မှသာမြင်နိုင်မှာဖြစ်တာကတစ်ကြောင်း အောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်းလုံးဝသတိမထားမိခဲ့ပါဘူး။ (ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အောက်ခြေမှာအခုလိုရှိမှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ ) အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော် ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှသိခဲ့ရတာပါခင်ဗျ" ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က Project K Facebook စာမျက်နှာမှာ တရားဝင် ဖြေရှင်း ခဲ့တာဖြစ်ပါတယ်။ 

Photo: Asia Song Festival 2020

Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာတော့ အာရှနိုင်ငံ အသီးသီးမှာရှိကြတဲ့ ဂီတအနုပညာရှင်များက ပါဝင်သီဆိုခဲ့ကြတာဖြစ်ပါတယ်။ Project K အဖွဲ့ အနေနဲ့ Asia Song Festival ပွဲနဲ့ ပတ်သက်ပြီး ၂၀၂၀ ဖျော်ဖြေပွဲဟာ ပထမဆုံး ဖျော်ဖြေရတဲ့ ပွဲဖြစ်တာကြောင့်သူတို့ ကိုယ်တိုင်ကလည်း အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ကိုသာ အာရုံစိုက်နေခဲ့မိတာကြောင့် အခုလို ဝေဖန်စရာ အကြောင်းအရာတွေ ဖြစ်လာခဲ့တဲ့ အပေါ် Project K အဖွဲ့သားတွေက တောင်းပန်စကားဆိုလာပါတယ်။ 

 " Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။ ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုပဲ ဖြစ်နေခဲ့တာပါဗျာ။ ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အားလုံးကိုလဲ ဒီကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ် ၊၊ အခုလဲ ပွဲက တာဝန်ရှိ လူကြီးမင်းတွေကိုပြောပြလိုက်တော့ သူတို့ဖက်ကလဲ သိသိချင်း ချက်ချင်းကို အနူးအညွတ်တောင်းပန်ကြပါတယ်"လို့လည်း ဆက်လက် ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Asia Song Festival 2020

 Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က