ကိုဗစ်လူနာတွေကို ဆေးရုံဆင်းရက် ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ဒီနေ့ အောက်တိုဘာ (၁၁) ရက်တစ်ရက်တည်း လူနာ ၂၆၀၀ ကျော် ဆေးရုံဆင်းခွင့်ရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရောဂါလက္ခဏာ သာမန်/အသင့်အတင့်ရှိသူတွေအနေနဲ့ ဆေးရုံမှာ (၁၁) ရက်သာနေပြီး ဆေးရုံဆင်းရန်၊ ရောဂါပြင်းထန်တဲ့လူနာတွေနဲ့ အသည်းအသန်လူနာတွေကတော့ ဆေးရုံမှာ ရက် (၂၀) နေပြီး ဆေးရုံဆင်းရန် နဲ့ ရောဂါလက္ခဏာမပြသူတွေကတော့ ဓာတ်ခွဲနမူနာရယူတဲ့ရက်ကစတင်ကာ ဆေးရုံမှာ (၁၀) ရက်နေပြီး ဆင်းရန် စသဖြင့် သတ်မှတ်လိုက်တာလို့လည်း ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ဒေါက်တာခင်ခင်ကြီးက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေး ပြောကြားထားပါတယ်။
photo - စစ်တွေဆေးရုံမှ ကိုဗစ်လူနာများ ဆေးရုံဆင်းမှုမှတ်တမ်း
အဆိုပါ သတ်မှတ်ချက်ကြောင့် ဒီနေ့ တစ်ရက်တည်းမှာ ဆေးရုံဆင်းခွင့်ရသူ ၂,၆၉၂ ဦးရှိနေပြီး တစ်နိုင်ငံလုံးမှာလက်ရှိအချိန်အထိ စုစုပေါင်း ဆေးရုံဆေးခွင့်ရသူ (၉,၇၄၂) ဦးရှိခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ပိုးတွေ့လူနာတွေထဲမှာ ၃၅ ရာခိုင်နှုန်းခန့် နေပြန်ကောင်းလာပြီလို့လည်း သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ဒီနေ့ အောက်တိုဘာ (၁၁) ရက် ည (၈) နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာအသစ် (၁.၉၁၀) ဦးတိုးလာပြီး လူနာ(၄၈) ဦးထပ်မံသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းက ဆေးရုံတွေနဲ့ မြို့နယ်တွေမှာ Test Kit နဲ့ စစ်ဆေးပေးခဲ့တဲ့သူတွေဖြစ်ပြီး အနံ့မရတဲ့သူတွေလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ (၂၇,၉၇၄) ဦးရှိပြီး သေဆုံးသူ က (၆၄၆) ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ (၉၇၄၂) ဦးရှိတာကြောင့် လက်ရှိလူနာ (၁၇,၅၈၆) ရှိနေတယ်လို့လည်း သိရပါတယ်။