အဆိုပါ လှည်းယာဉ်ကို ပိုင်ရှင်ဖြစ်သူက သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က လူထုခေါင်းဆောင်အဖြစ်နဲ့ဒေါ်အောင်ဆန်းစုကြည် မြင်းခြံမြို့ကို ပထမဆုံးအကြိမ်အဖြစ် လာရောက်စဉ်မှာ စီးနင်းခဲ့တဲ့ လှည်းယာဉ်ကို ပိုင်ရှင်ဖြစ်သူက လေလံတင်ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့တဲ့ လှည်းယာဉ်ကို အောက်တိုဘာ (၁၆) ရက်နေ့မှာပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး မြင်းခြံမြို့နယ် ပြည်သူများဝန်းရံပွဲမှာ ပြသပြီး လေလံတင်ရောင်းချသွားမယ်လို့ မြင်းခြံခရိုင်NLD-ပါတီနာယကဦးဌေးဝင်းက Duwun ကို ပြောပါတယ်။ 



“ ပိုင်ရှင်ဖြစ်သူက အဲဒါလေးကို ပြည်သူဝန်းရံပွဲမှာ ပြသပြီးတော့ စိတ်ဝင်စားတဲ့သူရှိလာရင် လေလံတင်ရောင်းချင်တာပေ့ါ။ ရလာတဲ့ငွေကြေးကို မြင်းခြံ NLD အဆောက်အဦးဆောက်လုပ်တဲ့နေရာမှာ အသုံးပြုချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာရှိပါတယ်။ “ လို့ ဆိုပါတယ်။

ဓာတ်ပုံ- Htay Win Facebook (ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့သည့်လှည်းယာဉ်)

၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူ-ရေစကြိုမြို့ကနေ စည်းရုံးရေးဆင်းပြီးတဲ့နောက် သင်္ဘောနဲ့ လာပြီး မြင်းခြံဆိပ်ကမ်းကိုလာရောက်စဉ် အဆိုပါ လှည်းယာဉ်ကို စီးနင်းအသုံးပြုခဲ့တာဖြစ်တယ်လို့ မြင်းခြံခရိုင်NLD-ပါတီနာယကဦးဌေးဝင်းက ပြောပြပါတယ်။

အဆိုပါ လှည်းယာဉ်ပိုင်ရှင် မြင်းခြံဒေသ ဦးကျော်မြင့်ဆိုသူက ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့တဲ့ လှည်းယာဉ်ဆိုပြီး အခုချိန်ထိ သိမ်းဆည်းထားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- Htay Win Facebook (ဒေါ်အောင်ဆန်းစုကြည်မြင်းခြံမြို့ကိုလာရောက်စဉ်)

 “ အဲဒီအချိန်တုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ လှည်းယာဉ်နဲ့ ဆိပ်ကမ်းကို သွားကြိုတယ်။ အမေစုက အဲဒီလှည်းယာဉ်နဲ့ မြင်းခြံမြို့ကိုလာတာပေါ့နော်။ အဲဒါကို ပိုင်ရှင်ဖြစ်သူက လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက သူသိမ်းထားပါတယ်ဆိုပြီး ပြောပြထားတာပါ။ ကျွန်တော်ကလည်း ဒါလေးသိမ်းထားပေးပါဆိုတော့ သူ့ကို သေချာပြောခဲ့တာပေါ့။ အခုတော့ သူက ပြည်သူကို ချပြချင်တော့ ဝန်းရံပွဲမှာ ပြသဖို့ စီစဉ်တာပါ။” လို့ ဦးဌေးဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့တဲ့ လှည်းယာဉ်ကိုတော့ အောက်တိုဘာ (၁၆) ရက်နေ့မှာကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး ဝန်းရံထောက်ခံပွဲမှာ မြင်းခြံမြို့နယ်ကို လှည့်ပတ်ပြသသွားမယ်လို့လည်းသိရပါတယ်။

(၃၂) နှစ်ကြာမြင့်နေပြီဖြစ်တဲ့ လှည်းယာဉ်ကတော့ အခုချိန်မှာတော့ ဘီးချို့ယွင်းချက်တွေတော့ ရှိနေတာကြောင့် သွားလို့ရအောင်တော့ ဝင်ရိုးတွေပြန်ပြင်ထားပြီး ကျန်တဲ့အပိုင်းတွေက ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့တဲ့ ပကတိုင်းအတိုင်းရှိနေသေးတယ်လို့လည်း ဦးဌေးဝင်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်အဖြစ် နဲ့ (၁၉၈၈) ခုနှစ်မှာတစ်ကြိမ် ၊ (၁၉၉၇) ခုနှစ်မှာ တစ်ကြိမ် မြင်းခြံမြို့ကို လာရောက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က