ဝန်ကြီးချုပ်ဂျွန်ဆင်က ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို အောက်တိုဘာ ၁၂ ရက်မှာ ကြေညာဖွယ် ရှိနေပါတယ်။

ဗြိတိန်မှာ နောက်တစ်ကြိမ် တစ်နိုင်ငံလုံး lockdown သတ်မှတ်ရန်ဖြစ်နိုင်ခြေရှိကြောင်းနဲ့ ထိုအဖြစ်ကိုရှောင်လွှဲနိုင်ရန် တတ်နိုင်သမျှ လုပ်ဆောင်ကြရမယ်လို့ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက ပြောပါတယ်။

(Photo: Getty Images)

COVID-19 ကူးစက်မှုနဲ့ ဆေးရုံတက်ရမှုတွေ ဆက်လက် မြင့်တက်နေရာ ဗြိတိန်ဟာ lockdown သတ်မှတ်ရလုနီးနီး အနေအထားကို ရောက်ရှိနေခဲ့တယ်လို့ ပါမောက္ခ ပီတာဟော်ဘီက ဆိုပါတယ်။ ပါမောက္ခပီတာရဲ့ မှတ်ချက်ပြုမှုဟာ အင်္ဂလန်ရဲ့ လက်ထောက် ဆေးဘက်ဆိုင်ရာအရာရှိချုပ်ရဲ့ ပြောကြားမှုနဲ့ အလားတူသဘောမျိုး ဖြစ်လာပါတယ်။



လက်ထောက် ဆေးဘက်ဆိုင်ရာအရာရှိချုပ်က နောက်ထပ်သေဆုံးမှုတွေ ရှိလာမှာဖြစ်ပြီး အများပြည်သူအနေနဲ့ အချင်းချင်း ထိတွေ့မှုကို ကန့်သတ်ကြရန် တိုက်တွန်းထားခဲ့ပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေကလည်း ၎င်းတို့ရဲ့ ဒေသတွင်း ကန့်သတ်ချက်တွေကို ရှေ့ဆက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပိုမိုတင်းကျပ်တဲ့ ဒေသဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေကို တနင်္လာနေ့ (အောက်တိုဘာ ၁၂ ရက်) မှာ ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်။ လွှတ်တော်အမတ်များထံသို့ ပေးပို့ခဲ့တဲ့ တင်ပြချက်တစ်ခုမှာ ဝန်ကြီးချုပ်ဂျွန်ဆင်က အဆင့်သုံးဆင့်စနစ်ဖြင့် ကန့်သတ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အင်္ဂလန်မှာရှိတဲ့ နယ်မြေတစ်ခုစီဟာ နယ်မြေအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှု ပြင်းထန်မှုအပေါ် အခြေခံပြီး အဆင့်သတ်မှတ်မယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၁ ရက်) မွန်းလွဲပိုင်းမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ နောက်ထပ်ဆောင်ရွက်မယ့် အစီအစဥ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်အစိုးရရဲ့ နောက်ထပ် ပိတ်ပင်ကန့်သတ်မယ့် အစီအစဥ်တွေကို ကန့်ကွက်မှုများလည်း ရှိနှင့်နေခဲ့ရာ Greater Manchester မှ လေဘာပါတီ လွှတ်တော်အမတ်တွေက အပြင်းထန်ဆုံးအဆင့် ပိတ်ပင်ကန့်သတ်မှုတွေကို ၎င်းတို့ ထောက်ခံမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်ဂျွန်ဆင်ကို ပြောထားပါတယ်။

(Photo: Daily Echo)

ဗြိတိန်တစ်ဝန်းမှာ COVID-19 ရှိသူတစ်ဦးထံမှ ထပ်ဆင့်ကူးစက်သွားစေနိုင်တဲ့ ပျမ်းမျှလူဦးရေ R number ဟာ ယခုအခါ ခန့်မှန်းခြေအားဖြင့် ၁.၂ နဲ့ ၁.၅ ကြား ဖြစ်ပါတယ်။ R number ၁.၀ အထက်ဖြစ်ပါက ကူးစက်မှုများ မြင့်တက်နေတယ်လို့ သတ်မှတ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ ကိန်းဂဏန်းတွေအရ ဗြိတိန်မှာ ကူးစက်ခံရသူ နောက်ထပ် ၁၂,၈၇၂ ဦး တိုးလာခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နေ့ကထက် ၂,၂၉၄ ဦး လျော့နည်းငယ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

COVID-19 ကြောင့် သေဆုံးသူဦးရေဟာ အောက်တိုဘာ ၁၁ ရက်နေ့က ၆၅ ဦး တိုးလာခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ၈၁ ဦး တိုးခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ ချက်ရီပတ်ဘလစ်နဲ့ ဂျာမနီ အပါအဝင် ဥရောပဒေသမှာ လတ်တလော COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ ကိန်းဂဏန်းတွေအရ ဥရောပမှာ နေ့အလိုက် ကူးစက်မှု ၁၀၀,၀၀၀ ကျော် တိုးလာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က