ဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ ယခင်က ထင်ထားခဲ့တာထက် အချိန်ပိုမိုကြာရှည် ရှင်သန်နိုင်ပါတယ်။

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) က ငွေစက္ကူများ၊ မိုဘိုင်းဖုန်း ဖန်သားပြင်များနဲ့ သံချေးမတက်တဲ့ စတီးလ်ကဲ့သို့ မျက်နှာပြင်တွေပေါ်မှာ ကူးစက်နိုင်တဲ့အခြေအနေဖြင့် ၂၈ ရက်ကြာ ရှိနေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

(Photo: NIAID-RML)

ဩစတြေးလျနိုင်ငံရဲ့ အမျိုးသားသိပ္ပံဌာနက လေ့လာတွေ့ရှိမှုအရ SARS-CoV-2 ဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ ယခင်က ထင်ထားခဲ့တာထက် အချိန်ပိုမိုကြာရှည် ရှင်သန်နိုင်ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ဟာ လူများ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် စကားပြောခြင်းတို့မှ အများဆုံး ကူးစက်နိုင်တာ ဖြစ်ပါတယ်။



သို့သော် ဗိုင်းရပ်စ်ဟာ လေထဲရှိ အမှုန်အမွှားလေးများမှတစ်ဆင့် ကူးစက်ပျံ့နှံနိုင်သလို သတ္တုနဲ့ ပလတ်စတစ်ကဲ့သို့ မျက်နှာပြင်တွေပေါ်ကနေလည်း ကူးစက်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ယခင်က ဓာတ်ခွဲခန်းမှာ လေ့လာခဲ့မှုများမှာ ရလဒ်များကွဲပြားနေပေမဲ့ SARS-CoV-2 ဟာ ငွေစက္ကူများနဲ့ ဖန်သားပြင်တွေပေါ်မှာ နှစ်ရက်မှ သုံးရက်၊ ပလတ်စတစ်နဲ့ သံချေးမတက်တဲ့ စတီးလ်ပေါ်မှာ ခြောက်ရက်အထိ ရှင်သန်နေနိုင်ကြောင်း တွေ့ရှိထားခဲ့ပါတယ်။

(Infographic: CSIRO)

သို့သော် ဩစတြေးလျနိုင်ငံရဲ့ Commonwealth Scientific and Industrial Research Organisation (CSIRO) က ယခုနောက်ဆုံး လေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ အပူချိန်ခန့် ၂၀ ဒီဂရီဆဲလ်စီးယပ် (၆၈ ဒီဂရီဖာရင်ဟိုက်) မှာဖြစ်ပါက မိုဘိုင်းဖုန်း ဖန်သားပြင်ကဲ့သို့ ချောမွေ့တဲ့ မျက်နှာပြင်များပေါ်မှာနဲ့ ပလတ်စတစ်နဲ့ ငွေစက္ကူ နှစ်ခုလုံးပေါ်မှာ ၂၈ ရက်ကြာ ရှင်သန်နေနိုင်ကြောင်း သိရပါတယ်။ နှိုင်းယှဥ်ချက်အရ တုပ်ကွေးဗိုင်းရပ်စ်ကတော့ အလားတူ မျက်နှာပြင်တွေပေါ်မှာ ၁၇ ရက်ကြာ အသက်ရှင်နေနိုင်တာ ဖြစ်ပါတယ်။

မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်က ဘယ်လောက်ကြာကြာ အမှန်တစ်ကယ် ရှင်သန်နေနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခြင်းက ကျွန်တော်တို့အတွက် ပိုပြီး မှန်ကန်တိကျစွာ ခန့်မှန်းနိုင်ပြီး ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျော့နည်းစေနိုင်ပါတယ်

ခရမ်းလွန်ရောင်ခြည်အလင်းက ဗိုင်းရပ်စ်ကို သေစေနိုင်တာကြောင့် ယခု စမ်းသပ်လေ့လာမှုတွေကို အမှောင်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ "မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်က ဘယ်လောက်ကြာကြာ အမှန်တစ်ကယ် ရှင်သန်နေနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခြင်းက ကျွန်တော်တို့အတွက် ပိုပြီး မှန်ကန်တိကျစွာ ခန့်မှန်းနိုင်ပြီး ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျော့နည်းစေနိုင်ပါတယ်၊ ပြီးတော့ လူတွေကို ကာကွယ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းကို လုပ်နိုင်ပါတယ်" လို့ CSIRO အမှုဆောင်အရာရှိချုပ် ဒေါက်တာ လာရီမာရှယ်က ပြောပါတယ်။

(Photo: Getty Images)

Virology Journal မှာ ဖော်ပြထားတဲ့ CSIRO ရဲ့ လေ့လာတွေ့ရှိချက်အရ ပိုပူတဲ့ အပူချိန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်က အသက်ရှင်နေနိုင်ချိန် နည်းတယ်လို့လည်း သိရပါတယ်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) ဖြစ်ပါက ဗိုင်းရပ်စ်ဟာ အချို့ မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီအတွင်း ကူးစက်နိုင်ခြင်းမရှိတော့ကြောင်း လေ့လာမှုရလဒ်က ဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ ပိုအေးတဲ့ အပူချိန်အခြေအနေဖြင့် သံချေးမတက်တဲ့ စတီးလ်ပေါ်မှာ ရှင်သန်နေနိုင်စွမ်းက အသားထုတ်လုပ်တဲ့ အအေးခန်းနေရာတွေမှာ COVID-19 ကူးစက်မှုတွေ ဖြစ်ပွားခြင်းအကြောင်းရင်း ဖြစ်နိုင်တယ်လို့ ယခု လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ သုတေသီတွေက ပြောပါတယ်။

(Photo: Scott McNaughton, Getty Images)

ဒါ့အပြင် ယခင် သုတေသနက ကိုရိုနာဗိုင်းရပ်စ်ဟာ လတ်ဆတ်အစားအစာနဲ့ အေးခဲအစားအစာတွေပေါ်မှာ အသက်ရှင်နိုင်ကြောင်း ဖော်ပြထားခြင်းကိုလည်း CSIRO ရဲ့ လေ့လာတွေ့ရှိမှုက ထောက်ခံထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောကြားမှုအရ လက်ရှိမှာ အစားအစာ သို့မဟုတ် အစားအစာထုပ်ပိုးထားမှုမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုထားခြင်းမရှိပေမဲ့ မျက်နှာပြင်တွေကနေ ကူးစက်မှု‌ရှောင်ရှားနိုင်ရန် ကြိုတင်ကာကွယ်မှုစာရင်းမှာ ထည့်သွင်းရမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က