မြန်မာ့ရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ(၁၃) ရက်နေ့မှာ နှစ်ပေါင်း(၁၀၀) တိုင်ခဲ့ပါပြီ။
Photo: MMPO
၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပသွားဖို့ ရည်ရွယ်ထားပေမယ့်လည်း COVID-19 ကူးစက်ရောဂါကြောင့် အွန်လိုင်းကနေကျင်းပသွားမယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အခမ်းအနားကို အောက်တိုဘာ (၁၃) ရက်နေ့ ညနေ(၅) နာရီအချိန်မှာ MRTV ၊ ရုပ်သံလိုင်းနဲ့ MRTV ၊ MOI ၊ MDN တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကနေ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်သွားမယ်လို့ သိရပါတယ်။
Photo: MMPO
ဒီအခမ်းအနားမှာ မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုသီချင်း သီဆိုပြီးဖွင့်ပွဲကို စတင်သွားမှာဖြစ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ နာယကကြီးဖြစ်သူ စည်သူ ဘိုကလေးတင့်အောင် တို့မှ ဝမ်းသာဂုဏ်ပြုစကားပြောကြားခြင်းများကို ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒ့ါအပြင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်တို့မှ ဂုဏ်ပြုစကားပြောကြားသွားမှာ ဖြစ်ပါတယ်။
ရုပ်ရှင်နှစ်(၁၀၀) ပြည့်တဲ့ အောက်တိုဘာ(၁၃) ရက်နေ့မှာ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေကို TV Channel များမှာ တစ်ရက်လုံး ပြသသွားမှာပါ။
“ကျွန်တော်တို့အနေနဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကို ကျင်းပနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အခြေအနေမပေးတဲ့အတွက် အွန်လိုင်းရုပ်ရှင်ပွဲတော်ဆိုပြီး ပွဲတော်တစ်ခုကို စီစဉ်ခဲ့ပါတယ်။အဲဒီမှာ ခေတ်အဆက်ဆက်က ရိုက်ကူးပြသခဲ့တဲ့ ရုပ်ရှင်အနုပညာရှင်များရဲ့ အတတ်ပညာများ၊ အနုပညာစွမ်းပကားတွေကို ပြန်လည်ခံစားနိုင်အောင် စီစဉ်ခဲ့တာပါ။ မြန်မာ့ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားပေါင်း (၂၆၀၀) ကျော်ကို Mobile App တွေကနေ ကြည့်ရှု့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အခမ်းအနားကြီးကို အခါအခွင့်သင့်ချိန်မှာ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ဖို့ စောင့်ဆိုင်းလျက်ရှိပါတယ်”လို့ ပြန်ကြားရေးဝန်ကြီးဌာနက ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က Duwun ကို ပြောပါတယ်။
Photo: MMPO
ရုပ်ရှင်ချစ် ပရိသတ်များအတွက် Mobile App တွေဖြစ်တဲ့ မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းနဲ့ ကွတ်ကီးတီဗီ မိုဘိုင်းလ် အက်ပလီကေးရှင်း ကနေ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွင်းမှာ အကောင်းဆုံး မြန်မာရုပ်ရှင် ဇာတ်ကားများနဲ့ ဗီဒီယိုဇာတ်ကားပေါင်း(၂၆၀၀) ကျော်ကို ပရိသတ်များ အခမဲ့ ကြည့်ရှုခံစားနိုင်စေဖို့အတွက် စီစဉ်ထားသလို ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် တင်ဆက်ခဲ့တဲ့ အစီအစဉ်များကို Myanmar Film 100th Anniversary ဖေ့စ်ဘွတ်စာမျက်နှာနဲ့ myanmarfilm100anniversary.com.mm (Website) တို့မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။
Photo: MMPO
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) မှာ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ဇာတ်ကားများကို နေ့စဉ် ထုတ်လွှင့်ပြသလျှက်ရှိပြီး နာမည်ကျော်သရုပ်ဆောင်များ သီဆိုတဲ့ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် သီချင်းများကိုလည်း အပတ်စဉ် သောကြာနေ့တိုင်း (၁၀) ပုဒ်စီ ထုတ်လွှင့်ပြသနေပါတယ်။ ရုပ်ရှင်နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသနေတဲ့ ရုပ်ရှင်တွေထဲမှာ ရွှေရတုခေတ် (လွန်ခဲ့တဲ့ နှစ် ၁၀၀ နဲ့ ၇၅ နှစ်အတွင်းက) အဖြူအမဲရုပ်ရှင်များကစတင်ကာ ကာလာရုပ်ရှင်များအထိ အစုံအလင် ပါဝင်သလို မင်းသားကြီး ဇော်လွင်၊ မောင်တင်မောင်၊ဖိုးပါကြီး စတဲ့ ရှေးခေတ်မင်းသားတွေကစလို့ ဝင်းဦးနဲ့ တခြား နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ ရုပ်ရှင်ကားများပါဝင်တယ်လို့ သိရပါတယ်။
Share