အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့မှာ ရှားရှားပါးပါး အဓိက လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာ လူဦးရေ သန်းနဲ့ချီ အခက်ကြုံနေခဲ့ရတယ်လို့ ဆိုပါတယ်။
(Photo: ANI)
မွမ်ဘိုင်းမြို့ ဆင်ခြေဖုံးနေရာများသို့ ရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းသွားခဲ့ပြီး နေအိမ်တွေမှာ ယနေ့ (အောက်တိုဘာ ၁၂ ရက်) ဒေသစံတော်ချိန် မနက် ၁၀ နာရီမှစပြီး ဓာတ်အားပြတ်တောက်နေခဲ့ပါတယ်။ ပင်မဓာတ်အားလိုင်းသို့ ဓာတ်အားအဝင်မှာ မမျှော်လင့်ထားတဲ့ ချို့ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဟာ အိန္ဒိယရဲ့ နေရာဒေသအများအပြားမှာ ကြုံတွေ့နေကျဖြစ်ပေမဲ့ အဓိကမြို့ကြီးတွေမှာ အဓိကအားဖြင့် မွမ်ဘိုင်းမြို့မှာ ရှားပါးတဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက မကြာမီမျာ ဓာတ်အားပြန်လည်ရရှိမယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။
(Photo: ANI)
မွမ်ဘိုင်းအခြေစိုက် သတင်းထောက်တွေရဲ့ အဆိုအရ ရထားပြေးဆွဲမှုအချို့ ပြန်လည်စတင်နေပြီလို့လည်း သိရပြီး မြို့ရဲ့နေရာတွေကို ဓာတ်အားဖြန့်ဖြူးမှု တဖြည်းဖြည်း ပြန်လည်လုပ်ဆောင်နေကြောင်း ယူဆရပါတယ်။ သို့သော် ရှားရှားပါးပါး အချိန်အတန်ကြာ မီးပျက်မှုအပေါ် မွမ်ဘိုင်းမြို့ခံတွေက ဆိုရှယ်မီဒီယာမှာ အံ့အားသင့်ပြောဆိုခဲ့ကြပြီး ၎င်းတို့ နောက်ဆုံးအကြိမ် မီးပျက်မှုကို ကြုံခဲ့ရဖူးစဥ်က မိနစ်အနည်းငယ်မျှသာ ဖြစ်တယ်လို့ဆိုနေကြပါတယ်။
အချို့ကလည်း တာဝန်ရှိသူတွေက ယခုကဲသို့ အကြီးအကျယ် ဓာတ်အားပြတ်တောက်မှုကို လျင်မြန်စွာ ဖြေရှင်းရန် ကြိုတင်ပြင်ဆင်ထားခြင်းမရှိမှုအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဓိက ဓာတ်အားပြတ်တောက်မှုကြောင့် ရထားခရီးစဥ်များ ရပ်ဆိုင်းသွားခဲ့ပြီး လေဆိပ်နဲ့ စတော့အိတ်ချိန်းတို့မှာတော့ လုပ်ငန်းလည်ပတ်နေဆဲ ဖြစ်ပါတယ်။
(Photo: MumbaiMirror)
သို့သော် ယခုလိုအချိန်မှာ အကြီးအကျယ် ဓာတ်အားပြတ်တောက်မှုဟာ ဆေးရုံတွေအတွက် အထူးသဖြင့် COVID-19 လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေအတွက် အကြီးဆုံးစိုးရိမ်မှု ရှိလာပါတယ်။ တာဝန်ရှိသူတွေကတော့ မွမ်ဘိုင်းဆေးရုံတွေကို နောက်ထပ် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် အရန်မီးစက်များအတွက် လောင်စာဆီကို အနည်းဆုံး ၈ နာရီစာ ပြင်ဆင်စုဆောင်းထားရန် ပြောကြားထားပါတယ်။ ဆေးရုံအများစုမှာ မီးစက်များ တပ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။
(Photo: @Rishudeepu123/Twitter)
ကမ္ဘာပေါ်မှာ သွားလာလှုပ်ရှားမှုအများဆုံး မြို့တစ်မြို့ဖြစ်တဲ့ မွမ်ဘိုင်းမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ COVID9-19 ကူးစက်မှုအများဆုံး နေရာဖြစ်ပြီး လုပ်ငန်းများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ပေးနေခဲ့ပါတယ်။ မွမ်ဘိုင်းမှာ ယနေ့ကြုံတွေ့ရတဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံတစ်ဝန်း မဟာဓာတ်အားလိုင်းမှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့စဥ်ကလည်း မွမ်ဘိုင်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရဖူးပါတယ်။