နည်းပညာမှုခင်းဌာန ပေါ်ပေါက်လာခဲ့ပြီး ၅ နှစ်သက်တမ်းအတွင်း ဆိုက်ဘာပြစ်မှုမြောက်ကြောင်း ထင်မြင်ယူဆချက်ပေးခဲ့ရတဲ့ အမှုပေါင်း ၄ ထောင်ကျော် ရှိခဲ့တယ်လို့ နည်းပညာမှုခင်းဌာန ၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီးညွန့်ဝေက ပြောပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ဆိုက်ဘာအမှုအခင်းများ ဖြေရှင်းဖို့အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်ကစပြီး ကြိုတင်ပြင်ဆင်မှု လုပ်ကာ ၂၀၁၅ မှာ နည်းပညာမှုခင်းဌာနကို စတင်ဖွင့်လှစ်ခဲ့တာာပါ။ ဌာနသက်တမ်း ၅ နှစ်အတွင်း ထင်မြင်ယူဆချက်ပေးခဲ့ရတဲ့ ဆိုက်ဘာပြစ်မှုပေါင်း ၄ ထောင်ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
"တင်ပြပြီးဖြစ်တဲ့ ပြစ်မှု ၄ ထောင်ကျော်ဟာ ဆိုက်ဘာပြစ်မှုတွေချည်းပဲ မဟုတ်ပါဘူး။ နှစ်အလိုက် ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာပြစ်မှုအရေအတွက်အနေနဲ့ ၂၀၁၅ ခုနှစ်မှာ အမှု ၂၀ ကျော် ၊ ၂၀၁၆ မှာ အမှု ၂၂၀ ကျော် ၊ ၂၀၁၇ နဲ့ ၂၀၁၈ တို့မှာ အမှု ၃၂၀ ကျော် ၊ ၂၀၁၉ မှာ အမှု ၃၇၀ ကျော်နဲ့ ၂၀၂၀ မှာ ဒီနေ့အထိ အမှုပေါင်း ၅၅၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။" လို့ ရဲမှူးကြီးညွန့်ဝေက ပြောပါတယ်။
၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ အမှုတွေဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ငြိစွန်းကြောင်း ထင်မြင်ချက်ပေးခဲ့တဲ့ အမှုတွေ ဖြစ်ပြီး ၂၀၁၉ နဲ့ ၂၀၂၀ မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) နဲ့ ထင်မြင်ယူဆချက်ပေးခဲ့ရတဲ့ အမှုပေါင်း ၂၃၀ ကျော် တိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။
"ဆိုလိုတာက မနှစ်ကစပြီး ၆၆(ဂ)နဲ့ ပတ်သက်တဲ့အမှုတွေ ဖြစ်လာပါတယ်။ ၆၆(ဃ) ပြစ်မှုဟာ Hate Speech နဲ့ ဆိုင်ပြီး ၆၆(ဂ) ဟာ Hacking ၊ Phishing ၊ Smishing နဲ့ Social Engineering Attack တွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် ကျွန်တော်တို့ ပြည်သူတွေရဲ့ Cyber Security Awareness ဘယ်လောက်လိုနေပြီလဲဆိုတာ သိနိုင်ပါတယ်။" လို့လည်း ရဲမှူးကြီးက ဆိုပါတယ်။
Photo: Myanmar Cybersecurity Month 2020 Facebook
စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာခြင်းနဲ့အတူ Cyber Security အသိပညာနည်းပါးမှုတွေကြောင့် မူခင်းတွေ တဟုန်ထိုး တိုးပွားလာတာ ဖြစ်တယ်လို့လည်း သူကမှတ်ချက်ချပါတယ်။ ပြည်သူများ ဆိုက်ဘာလုံခြုံရေးအသိပညာမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာလကို မြန်မာဆိုက်ဘာလုံခြုံရေးလ (MCM) အဖြစ် သတ်မှတ်ပြီး အပတ်စဉ်အွန်လိုင်းဆွေးနွေးပွဲများ ၊ အွန်လိုင်းသင်တန်းများနဲ့ အသိပညာပေး လှုပ်ရှားမှုများလည်း လုပ်ဆောင်သွားတော့မှာပါ။
ဒုတိယအကြိမ် MCM ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) ၊ US ICT Council ၊ Wave Money ၊ Google နဲ့ တခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။