ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရက်အတန်ကြာ ဖြစ်ပွားနေခဲ့ပြီးနောက် အစိုးရက မုဒိမ်းမှုတွေအတွက် သေဒဏ်ချမှတ်သွားမယ်လို့ ဆိုပါတယ်။
ဥပဒေရေးရာဝန်ကြီး Anisul Haq က BBC သတင်းဌာနကို ပြောကြားမှုအရ မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်ရန် အမိန့်ပြန်တမ်းတစ်ရပ်ကို သမ္မတက အင်္ဂါနေ့ (အောက်တိုဘာ ၁၃ ရက်) မှာ ထုတ်ပြန်မှာဖြစ်ပြီး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းသွားမယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လူမဆန်စွာအုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ မှတ်တမ်းဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေါသတကြီး တုံ့ပြန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့ပါတယ်။
(Photo: Reuters)
ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ မုဒိမ်းမှု ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ သို့သော် တက်ကြွလှုပ်ရှားသူတွေကတော့ အမျိုးသမီးတွေက ၎င်းတို့ကို ကဲ့ရဲ့ပြောဆိုခံရမှာ စိုးရိမ်မှုကြောင့် မုဒိမ်းမှုအများအပြားဟာ ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားချက် မရှိခဲ့ဘူးလို့ ပြောပါတယ်။
ထို့အတူ အမှုဖွင့်တိုင်ကြားတဲ့ မုဒိမ်းမှုတွေကို ပြဏ်ဒဏ်စီရင်မှုနှုန်းကလည်း အလွန်နည်းတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုကြောင့် ဆန္ဒပြသူတွေက မုဒိမ်းမှုတွေကို ပိုမိုမြန်ဆန်စွာ ကြားနာစစ်ဆေးရန်နဲ့ မုဒိမ်းမှုအတွက် ပြစ်ဒဏ်ချမှတ်မှုကို ပြောင်းလဲရန် တောင်းဆိုခဲ့ကြပါတယ်။
(Photo: Reuters)
ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးကော်မရှင် (National Human Rights Commission) က စုံစမ်းစစ်ဆေးမှုအရ ထိုဗီဒီယိုထဲမှ အမျိုးသမီးရဲ့ဖြစ်ရပ်ဟာ နိုင်ငံတောင်ပိုင်း Noakhalim မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အကြိမ်ကြိမ် မုဒိမ်းကျင့်ခံရပြီး အကြမ်းဖက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာမှာ ဗီဒီယိုပျံ့နှံ့လာခဲ့ပြီးနောက် အမျိုးသားရှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နောက်ထပ် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတဲ့ ဖြစ်ရပ်တစ်ခုလည်း နိုင်ငံမြောက်ပိုင်း Sylhet ရှိ အဆောင်တစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုအမှုနဲ့ ဆက်စပ်ပြီး အာဏာရပါတီရဲ့ ကျောင်းသားအုပ်စုမှ အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း မကြုံစဖူး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
(Photo: Reuters)
ဆန္ဒပြသူတွေက "မုဒိမ်းကောင်တွေကို ကြိးပေးကွပ်မျက်ပစ်"၊ "မုဒိမ်းကောင်တွေကို သက်ညှာမှုမရှိရ" လို့ ရေးသားထားတဲ့ စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါကာမြို့တော်မှာ ဆန္ဒပြသူတွေက ကြိုးစင်ပုံစံတူများဖြင့် ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အမိန့်ပြန်တမ်းတစ်ရပ်ထုတ်ရန် ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ကျင်းပနေခြင်းမရှိတာကြောင့် ထိုအမိန့်ဟာ ဥပဒေအဖြစ် တိုက်ရိုက်အတည်ပြုပြီးသား ဖြစ်မယ်လို့ဆိုပါတယ်။ လူ့အခွင့်အရေးအုပ်စုတစ်ခုရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှု ၁,၀၀၀ ကျော်အနက် ငါးပုံတစ်ပုံဟာ အုပ်စုဖွဲ့မုဒိမ်းမှုများဖြစ်ကြောင်းBBC သတင်းက ဖော်ပြပါတယ်။