နာမည်ကျော် အန်းဒရိုက်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OnePlus ကို ပုံဖော်ခဲ့သူ နှစ်ဦးထဲက တစ်ယောက်ဖြစ်တဲ့ ကားလ်ပိုင်ဟာ ကုမ္ပဏီကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။
ကားလ်ပိုင်နဲ့ ပီတီလောင်တို့ဟာ ၂၀၁၃ ခုနှစ်မှာ OnePlus ကုမ္ပဏီကို ပူးပေါင်းတည်ထောင်ခဲ့သူတွေ ဖြစ်ပြီး ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO တွေအဖြစ် တာဝန်ယူခဲ့တာပါ။ OnePlus ကနေ ကားလ်ပိုင် နှုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းကို Tech Crunch နဲ့ Android Authority သတင်းတွေကလည်း ဖော်ပြထားပါတယ်။
Photo: Android Authority
သတင်းတွေအရ ကားပိုင်လ်ဟာ ကိုယ်ပိုင်လုပ်ငန်းသစ်တစ်ခုကို စတင်သွားမှာ ဖြစ်ပြီးငွေပင်ငွေရင်း ရဖို့အတွက်လည်း ရင်းနှီးမြှပ်နှံသူတွေနဲ့ စကားပြောနေတယ်လို့ ဆိုပါတယ်။ အသက် ၂၄ နှစ်ဝန်းကျင်မှာ OnePlus ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ကားလ်ပိုင်ဟာ တရုတ်နိုင်ငံဖွား ဆွီဒင်နိုင်ငံသား ဖြစ်ပြီး OnePlus Global ရဲ့ ဒါရိုက်တာဟောင်းလည်း ဖြစ်ပါတယ်။
OnePlus ကို မရောက်ခင် အသက် ၂၁ နှစ်သားမှာ Nokia မှာ သုံးလကြာ အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Meizu အကြောင်း ဖန်တီးလိုက်တဲ့ သူ့ရဲ့ fan ဝက်ဘ်ဆိုက်ဟာ ဟောင်ကောင်မှ Meizu ရုံးခွဲရဲ့ အာရုံစိုက်မှုရခဲ့ပြီးနောက် ၂၀၁၁ မှာ Meizu Marketing Team ထဲ ရောက်ခဲ့ပါတယ်။
၂၀၁၂ နိုဝင်ဘာမှာ OnePlus ရဲ့ နိုင်ငံတကာဈေးကွက်မန်နေဂျာ ဖြစ်လာခဲ့တဲ့ သူဟာ ပီတီလောင်နဲ့ အတူ OnePlus ဖုန်းကုမ္ပဏီကို ၂၀၁၃ မှာ စပြီး တည်ထောင်ခဲ့ပါတယ်။ ၂၀၁၄ မှာ ပထမဆုံးထွက်တဲ့ OnePlus One ကို အရောင်းပစ်မှတ်အနေနဲ့ အလုံးရေ ၅ သောင်း မှန်းခဲ့ပေမယ့် စုစုပေါင်း ၁ သန်းနီးပါးအထိ ရောင်းခဲ့တယ်လို့ ဆိုပါတယ်။
Photo: 9to5 Google
OnePlus ဖုန်းသစ် မိတ်ဆက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ ကားလ်ပိုင် ကုမ္ပဏီကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာချက်တွေတော့ ထွက်မလာသေးပါဘူး။ တကယ်လို့ OnePlus ကနေ ထွက်ခွာသွားတယ်ဆိုရင်လည်း ကားလ်ပိုင်အနေနဲ့ ကိုယ်သဘောဆန္ဒအလျောက် ထွက်သွားတာလား ဒါမှမဟုတ် အထုတ်ခံရတာလားဆိုတာ မသိရသေးပါဘူး။
ကားလ်ပိုင် ဦးဆောင်ခဲ့တဲ့ OnePlus Nord ပရောဂျက်ကိုတော့ အိန္ဒိယ OnePlus Nord အကြီးအကဲဖြစ်သူ အမ်မလီဒိုင်က ကိုင်တွယ်သွားမယ်လို့ သတင်းထွက်နေပါတယ်။