လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကနေ အနိုင်ရရှိမယ့် ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ ရပ်တည်သွားမှာဖြစ်ပြီး ဒီမိုကရေစီရေး၊တန်းတူညီမျှရေး ၊ ဖက်ဒရယ်ရေး အပေါ်မှာပဲ ဒု-သမ္မတ ၊ သမ္မတရွေးချယ်ရေးတွေကို ထောက်ခံသွားမှာဖြစ်တယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက
ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၁၂ရက် ည(၈)နာရီမှာ ပြုလုပ်တဲ့ ပြည်သူ့ပါတီရဲ့ "မင်္ဂလာပါ တောင်ဥက္ကလာ " အွန်လိုင်းဆွေးနွေးပွဲမှာ ပြည်သူတစ်ဦးက မေးမြန်းခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲအပြီး NLD အနေနဲ့ အစိုးရဖွဲ့တဲ့အချိန် ပြည်သူ့ပါတီဆီကမဲအရေအတွက်ကို လိုအပ်လာမယ်ဆိုရင် ပါတီအနေနဲ့ ဘယ်လိုပူးပေါင်းမလဲဆိုတဲ့ မေးခွန်းကို ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက
ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။
" အခုထဲက ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောပြချင်တာက တစ်ခုကတော့ ကျွန်တော်တို့ယုံကြည်တဲ့ ဒီမိုကရေစီအရေး ၊ တန်းတူညီမျှရေး ၊ ဖက်ဒရယ်ရေးအပေါ် ကနေ ဘယ်တော့မှ သွေဖယ်သွားမှာမဟုတ်ဘူးဆိုတာကို လေးလေးနက်နက်ကတိပြုပြောကြားချင်တယ်။ ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ကနေ ဒု-သမ္မတ တစ်ယောက်ကို ရွေးချယ်ပေးပါဆိုရင် ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေ အပေါ်မှာ ရပ်တည်တဲ့ဘက်ကိုပဲ ကျွန်တော်တို့ ထောက်ခံသွားမယ် ။ ကျွန်တော်တို့က အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ် အရေအတွက် ဝင်ပြိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အရွေးခံရတဲ့ ကိုယ်စားလှယ်များဟာ ဒီမိုကရေစီဘက်က ဒု-သမ္မတတစ်ယောက်ကိုပဲ ပြည်သူ့လွှတ်တော်မှာ ထောက်ခံရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ် ။ ဒါကို ဘာမှသံသယပွားစရာမလိုဘူး။နောက်ထပ် အမျိုးသားလွှတ်တော်က ဒု-သမ္မတတစ်ယောက်ရွေးချယ်ဖို့ဆိုရင်လည်းပဲ ဒီမိုကရေစီအရေးပေါ်မှာ တစိုက်မတ်မတ်ယုံကြည်တဲ့ တိုင်းရင်းသား ဒု-သမ္မတတစ်ယောက်ကို ကျွန်တော်တို့ထောက်ခံ သွားမှာဖြစ်ပါတယ် ။ ပြီးတော့မှ စစ်တပ်ကိုယ်စားလှယ်က ရွေးချယ်တဲ့ ဒု-သမ္မတတစ်ယောက်ရယ် ဒီဘက်ကတင်တဲ့ ဒု-သမ္မတနှစ်ယောက်ရယ် သုံးယောက်ထဲက မဲအများဆုံးဖြစ်တဲ့ သမ္မတကိုရွေးချယ်တဲ့အခါမှာလည်း ကျွန်တော်တို့ဟာ ဘယ်လို ဘယ်ပါတီဆိုတာထက်ကို ဒီမိုကရေစီရေး၊တန်းတူညီမျှရေး ၊ ဖက်ဒရယ်ရေး အပေါ်မှာပဲ ဒု-သမ္မတရွေးချယ်ရေး ၊ သမ္မတရွေးချယ်ရေးတွေကို ထောက်ခံသွားမှာဖြစ်တယ် ။ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ ဒါကြောင့် အစိုးရမဖွဲ့နိုင်မှာကို မပူပါနဲ့ ။ ကျွန်တော်တို့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တစ်သားတည်းဖြစ်တယ်ဆိုတာကို ကျွန်တော်အခိုင်အမာပြောကြားလိုပါတယ် " လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒီလို အွန်လိုင်းဆွေးနွေးပွဲအနေနဲ့ ပြောကြားခြင်းက မဲဆန္ဒရှင်ပြည်သူတွေကို တိုက်ရိုက်ပြောကြားလိုတာ ဖြစ်ပြီး ဒီဖြေကြားချက်တွေကိုလည်း တောင်ဥက္ကလာပမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအနေနဲ့ရော ပြည်သူ့ပါတီဥက္ကဌ ၊ ပါတီတာဝန်ရှိသူ တစ်ယောက်အနေပါ ဒီသဘောထားတွေက တရားဝင်ပြောကြားနေတာဖြစ်တယ်လို့ ပါဝင်ဆွေးနွေးသူတွေကို ဦးကိုကိုကြီးက အသိပေးပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ အွန်လိုင်းတိုက်ရိုက်ဆွေးနွေးပွဲတွေကို " ပြည်သူကြားက ပြည်သူ့ပါတီ " ၊ "မင်္ဂလာပါ တောင်ဥက္ကလာ " အစီအစဉ်တွေနဲ့ ယခုတစ်ပတ်က စတင်ကာ အပတ်စဉ်ပြုလုပ်သွားမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူအားလုံး မည်သူမဆို ဒီအွန်လိုင်းစကားဝိုင်းတွေမှာ ပါဝင်နိုင်တယ်လို့ သိရပါတယ်။